အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ မဟာရပ်ရှ်ထရာပြည်နယ်ရှိ တောင်ပေါ်ကျေးရွာတရွာမှာ မိုးအဆက်မပြတ် ရွာပြီးနောက် တောင်စောင်းမှာ မြေပြိုမှုဖြစ်ပွားခဲ့လို့ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ကြမ်းတမ်းခက်ခဲတဲ့မြေပြင်နဲ့ ဆိုးရွားတဲ့ ရာသီဥတုကြားမှာ ကယ်ဆယ်ရေးလုပ်သားတွေဟာ ဇူလိုင် ၂၀ ရက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မဟာရပ်ရှ်ထရာပြည်နယ်ထဲက ရိုင်ဂတ်ထ်ခရိုင်မှာ ဝေးလံခေါင်သီတဲ့ အီရ်ဟာလ်ဝါလီ ဇနပုဒ်ရွာငယ်မှာ ညသန်းခေါင်ယံအချိန်က မြေကြီးတွေ ပြိုကျသွားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အစပိုင်း သတင်းတွေမှာတော့ အပျက်အစီးတွေအောက်မှာ လူပေါင်း ၁၀၀ လောက် ပိတ်မိနေပြီး ကြောက်လန့်နေကြကြောင်း ထုတ်ပြန်ထားတာကြောင့် ဆွေမျိုးတွေဟာ တောင်ခြေရင်းမှာ သတင်းတွေကို စောင့်မျှော်နေကြပါတယ်။
ဇူလိုင် ၁၉ ရက်က ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်တွေမှာလည်း မြေပြိုမှုအများအပြား ဖြစ်ပွားခဲ့ကြောင်း ကာသူဝါခရိုင် အချက်အလက် စုဆောင်းရေးအရာရှိ ရာကက်ရှ် မင်ဟာ့စ်က ပြောပါတယ်။
ကာသူဝါခရိုင်မှာ တံတားတစင်း ပျက်စီးခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါသေးတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးတာ၊ မြေပြိုတာနဲ့ မတော်တဆမှုတွေကြောင့် အိန္ဒိယနိုင်ငံမှာ မုတ်သုံရာသီစတင်တဲ့ ဇွန် ၁ ရက်ကတည်းက လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တာဖြစ်ပြီး အများအားဖြင့် နိုင်ငံမြောက်ဘက်မှာ ပုံမှန်ထက် မိုးရွာသွန်းမှု ၄၁ ရာခိုင်နှုန်း ပိုများတယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ပြောပါတယ်။
Source - Reuters