အမေရိကန်စစ်သား ထရားဗစ်စ်ကင်းင်ဟာ မြောက်ကိုရီးယားထဲ ထွက်မပြေးခင်မှာ ကိုယ်ထိလက်ရောက်မှု စွပ်စွဲချက် ၂ ခုကို ရင်ဆိုင်ခဲ့ရပြီး ရဲကားကို ပျက်စီးစေမှုနဲ့ တောင်ကိုရီးယားတရားရုံးက ဒဏ်ငွေရိုက်ထားကြောင်း စီရင်ချက်ချထားတဲ့ တရားရုံး စာရွက်စာတမ်းနဲ့ သူ့ရဲ့ကိုယ်စားပြု ရှေ့နေတယောက်အရ သိရပါတယ်။
ကင်းင်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလဖြစ်စဉ်နဲ့ အခုနှစ် ဖေဖော်ဝါရီ ၈ ရက်တို့မှာ ဖြစ်ပွားခဲ့တဲ့ ကိုယ်ထိလက်ရောက်မှု ကျူးလွန်မိကြောင်းနဲ့ အများပြည်သူပိုင်ပစ္စည်း ဖျက်ဆီးခြင်းတွေမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ဆိုးလ် အနောက်ပိုင်းခရိုင် တရားရုံးက သူ့ကို ဝမ် ၅ သန်း (ဒေါ်လာ ၄,၀၀၀) ဒဏ်ရိုက်ထားတဲ့ စီရင်ချက်မိတ္တူကိုလည်း ရိုက်တာက ရရှိခဲ့ပါတယ်။
ဇူလိုင် ၁၈ ရက်က ကိုရီးယား ၂ နိုင်ငံ နယ်စပ်ကနေ မြောက်ကိုရီးယားကို ခွင့်ပြုချက်မရထားဘဲ ဖြတ်ကျော်ဝင်ရောက်သွားတဲ့ ထရားဗစ်စ်ကင်းင်ရဲ့ အရေးကိစ္စကို အမေရိကန်စစ်တပ်က မြန်မြန်သွက်သွက် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ထရားဗစ်စ်ကင်းင် မြောက်ကိုရီးယားထဲကို ဝင်ပြေးအောင် စေ့ဆော်ခဲ့တဲ့ အကြောင်းရင်းကလည်း ခုထိ မရှင်းလင်းသေးပါဘူး။ အတိအကျ ထုတ်မပြောထားတဲ့ စည်းကမ်းချိုးဖောက်မှုအတွက် တောင်ကိုရီးယားမှာ ထိန်းသိမ်းခံထားရချိန် ပြီးဆုံးသွားတဲ့ ထရားဗစ်စ်ကင်းင်ကို အမေရိကန်ရှိ သူ့မိခင်တပ်ရင်းကို ပြန်ပို့ဖို့ အမေရိကန်စစ်တပ်က လေဆိပ်ကို ပို့ဆောင်ခဲ့ချိန်မှာ သူက မြောက်ကိုရီးယားနယ်စပ်ကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပုံပေါ်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
Source - Reuters