စပါးအသင်းမှာ အတူလက်တွဲခဲ့တဲ့ တပည့်ဟောင်း အယ်လီရဲ့ အင်တာဗျူးကို ပြီးဆုံးအောင် မကြည့်နိုင်ခဲ့ကြောင်း နည်းပြပိုချက်တီနိုကပြောပါတယ်။
အယ်လီဟာ ပြီးခဲ့တဲ့လဆန်းပိုင်းက ဂယ်ရီနဗီးလ်နဲ့ အင်တာဗျူးအစီအစဉ်ပြုလုပ်ခဲ့ပြီး ငယ်ဘဝက စိတ်ဒဏ်ရာတွေအကြောင်းနဲ့ ဖိအားတွေကို ကျော်ဖြတ်ခဲ့ရကြောင်း ရင်ဖွင့်ခဲ့တာပါ။
အဲဒီအင်တာဗျူးဟာ စိတ်ခံစားချက်များစေခဲ့ပြီး ဆက်မကြည့်နိုင်ဖြစ်ခဲ့ရကြောင်း နည်းပြ ပိုချက်တီနိုက ပြောခဲ့တာပါ။
ပိုချက်တီနိုက “အဲဒီအင်တာဗျူးမှာ အယ်လီကိုကြည့်ရတာ အမှန်တကယ်ခက်ခဲခဲ့ပါတယ်။ နာကျင်စရာ ကောင်းလွန်းလို့ ပြီးတဲ့အထိတောင်ဆက်မကြည့်နိုင်ခဲ့ပါဘူး။ ကျနော်တို့ကြားမှာ အဆက်အသွယ်ရှိနေဆဲပါ။ အမေရိကန်ကခရီးကအပြန် လန်ဒန်မှာ သူနဲ့ တွေ့ဆုံပြီး အားပေးစကားပြောနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူက သန်မာပြီး မယုံကြည်နိုင်စရာကောင်းတဲ့ ကောင်လေးဖြစ်ပြီး သူပြန်လာနိုင်မယ်ဆိုတာသေချာပါတယ်”လို့ ပြောပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟောင်း အယ်လီဟာ စပါးအသင်းမှာရှိစဉ်က အကောင်းဆုံးခြေစွမ်းပြသ နိုင်ခဲ့ပေမဲ့ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့သွားပြီး နောက်ပိုင်း ခြေစွမ်းကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။