ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကနေ လူတွေအဝင်အထွက်ကို ကန့်သတ် သတ်မှတ်လိုက်ပြီး လိုင်ဇာနေ ပြည်သူတွေကို သတိနဲ့နေထိုင်ကြဖို့ KIO က အသိပေး ကြေညာစာ ထုတ်ပြန်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မုန်လိုင်ခက်ဂိတ်၊ ပြီးခဲ့တဲ့နှစ်တွေက ကိုဗစ်ဂိတ်ကြီးကနေလည်း မနေ့ကစ အဝင်အထွက် လူအားလုံးပိတ်တယ်။ ဒီ လိုင်ဇာကထွက်လာတဲ့လူတွေ အကုန်လုံးကို ပြန်လှည့်ခိုင်းလိုက်တယ်” လို့ ပြောပါတယ်။
လုံးဝ အဝင်အထွက် မလုပ်ခိုင်းတာမျိုးတော့ မဟုတ်ဘဲ အရေးကြီး လိုအပ်ချက်တွေပေါ် မူတည်ပြီး ထောက်ခံချက်၊ ထောက်ခံစာတွေယူပြီး သွားလာလို့ရတယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် တစုံတခုဖြစ်လာမှာ စိုးရိမ်လို့၊ ဖြစ်လာရင် ခက်မယ်ဆိုပြီး ပြည်သူတွေကို စိုးရိမ်ပေးတာကြောင့် မဖြတ်နဲ့လို့ပြောတာဖြစ်ကြောင်း နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။
“မဖြတ်ခိုင်းတာမျိုးတော့ မဟုတ်ဘူး။ အရေးကြီး လိုအပ်ရင် လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ထောက်ခံစာနဲ့ ထောက်ခံချက်လက်မှတ်နဲ့ ဝင်ထွက် သွားလာလို့ရတယ်။ KIO က ကန့်သတ်ထားတာ။”
လက်ရှိ နမ်ဆန်ယန်၊ ဆိုင်မိုင်၊ ရောတ်ဂျတ်၊ ပေါင်ဝ်ဆေ၊ မိုင်ဆတ်ပါ၊ လနားယန်၊ မုန်လိုင်ခက် ဒီတကြောမှာ KIO/KIA တွေ ထိန်းချုပ်ထားတာလို့ ဆိုပါတယ်။
အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သလို စစ်ကောင်စီဘက်ကလည်း အချိန်မတော် လိုင်ဇာဘက် လက်နက်ကြီးတွေ ပစ်ခတ်လာတာကြောင့် အသွားအလာ ဆင်ခြင်ဖို့နဲ့ သတိနဲ့နေဖို့ KIO က ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်မှာ အသိပေး ကြေညာစာ ထုတ်ပြန်ထားပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး စစ်ကောင်စီက လိုင်ဇာမြို့ အနီးဝန်းကျင်ဘက် အချိန်မတော် လက်နက်ကြီး ပစ်ခတ်နေတာကြောင့် သတိနဲ့နေထိုင်ဖို့ အဲဒီထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
အရေးကြီးကိစ္စ တာဝန်ရှိသူတွေကလွဲလို့ မြို့ထဲ အကြောင်းမရှိ ထွက်လည်တာမျိုး လုံးဝ မလုပ်ဖို့၊ လိုင်ဇာဒေသခံ ပြည်သူတွေအနေနဲ့ လျှောက်သွား သောက်စား ပျော်ပါး မူးယစ်တာမျိုး မရှိဖို့၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေလည်း လက်တွေ့ အကောင်အထည်ဖော် လမ်းညွှန် သတိပေး နှိုးဆော်တာတွေ ဆောင်ရွက်ဖို့လည်း အဲဒီထုတ်ပြန်စာမှာ ပါရှိပါတယ်။
အခု ဇူလိုင် ၁၄ ရက် ည ၁၀ နာရီခွဲကျော်လောက်မှာ စစ်ကောင်စီဘက်က လိုင်ဇာမြို့ဘက် လက်နက်ကြီး ၃ ကြိမ် ပစ်ခတ်ခဲ့တာရှိပြီး ဇူလိုင် ၁၂ ရက်ကလည်း လိုင်ဇာမြို့အနီးဘက် စစ်ကောင်စီက လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ ဇူလိုင် ၃ ရက်ကစ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ဘက် ထိုးစစ်ဆင် တိုက်ခိုက်လာပြီး လက်ရှိအထိ လိုင်ဇာဘက်ကို ဗန်းမော်လမ်းကြောင်း၊ မြစ်ကြီးနားလမ်းကြောင်းတို့ကနေ စစ်ကူအင်အားတွေ အဆက်မပြတ် ထပ်ဖြည့်နေကာ အဲဒီလမ်းကြောတွေမှာ လက်ရှိထိ နေ့တိုင်းနီးပါး အဆက်မပြတ် တိုက်ပွဲတွေ ဖြစ်နေပါတယ်။