ပြင်းထန်တဲ့အပူရှိန်နဲ့ မိုးရွာသွန်းမှုတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားကို ဝင်ရောက်နေခဲ့တာကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ တရုတ်ဝန်ကြီးချုပ် လိချန်းက ဇူလိုင် ၁၈ ရက်က အမေရိကန် ရာသီဥတုဆိုင်ရာ ကိုယ်စားလှယ် ဂျွန်ကယ်ရီနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံးထုတ်လွှတ်တဲ့ နိုင်ငံကြီး နှစ်နိုင်ငံ အနေနဲ့ သူတို့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ အရေးတကြီးဖြေရှင်းဖို့ လိုအပ်နေတာကို ဘယ်လို စတင်လုပ်ဆောင်နေတယ်ဆိုတာ ကမ္ဘာကိုပြသဖို့ နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်း ပေကျင်းမှာပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ ဂျွန်ကယ်ရီက လိချန်းကို ပြောခဲ့ပါတယ်။
ထိုင်ဝမ်အရေးနဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေ ရှုပ်ထွေးပတ်သက်နေတဲ့ နိုင်ငံတွေအကြား အမေရိကန် ရာသီဥတုသံတမန် ဂျွန်ကယ်ရီဟာ ထိပ်တန်းအဆင့် ရာသီဥတု သံခင်းတမန်ခင်း တရားဝင် ပြန်လည်စတင်တာကို အမှတ်အသားပြုတဲ့အနေနဲ့ တရုတ်နိုင်ငံကို တတိယအကြိမ်မြောက် ရောက်ရှိနေတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဂျွန်ကယ်ရီဟာ လွန်ခဲ့တဲ့လက ပေကျင်းကို လာရောက်ခဲ့တဲ့ တတိယမြောက် အမေရိကန် ထိပ်တန်းအရာရှိ ဖြစ်ပါတယ်။
Source - Reuters