ကမ္ဘာ့ဈေးကွက်မှာ ပြောင်းစျေးတွေ စံချိန်တင်ထိုးကျနေတာကြောင့် မြန်မာကုန်သည်တွေသာမက ထိုင်းကုန်သည်တွေလည်း ဆုံးရှုံးမှုများနေတယ်လို့ နယ်စပ်ပြောင်းကုန်သွယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြောင်းဈေးဟာ နယ်စပ်မှာ ဇူလိုင်လအစက ၁ ပိဿာကို ကျပ် ၁,၅၇၀ ရှိခဲ့ရာက ဇူလိုင် ၁၈ ရက်နေ့က ၁ ပိဿာကို ကျပ် ၁,၃၀၀ ထိ ကျဆင်းခဲ့ပါတယ်။
မြဝတီမြို့ရှိ ပြောင်းကုန်သည်တဦးက “ဝယ်တုန်းက စျေးကောင်းပေးဝယ်ထားရတာပါ။ အခုတော့ စျေးက ထင်မှတ်မထားလောက်အောင် စျေးကကျနေပါတယ်။ ဟိုဘက်ကမ်းက စက်ရုံတွေ စျေးအတက်အကျများတော့ ဒီဘက်ကကုန်သည်တွေ အထိနာသလို ထိုင်းကုန်သည်တွေလည်း အထိနာပါတယ်။ ပြောင်းစျေးက ၂၀ ရာခိုင်နှုန်းနီးပါးလောက်ကို ကျသွားတာပါ” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာပြောင်းကို နှစ်စဉ် ဖေဖော်ဝါရီကနေ သြဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့် ပြုထားပြီး နှစ်စဉ် ပုံမှန်ဝယ်ယူနေပေမဲ့ အခုနှစ်မှာ မြန်မာနိုင်ငံက ဝယ်ယူမှုတွေကို လျှော့ချပြီး တခြားနိုင်ငံ တွေကနေ ဝယ်ယူတင်သွင်းမှုတွေ ရှိလာပါတယ်။
ပြောင်းကုန်သည်တစ်ဦးက “ဒီနှစ် ထိုင်းစျေးကွက်ဟာ မူမမှန်ဘူး။ မြန်မာပြောင်းတင်ပို့မှုကို လျှော့ချပြီး အစားထိုးဖို့ ဂျုံတန်ချိန် ၂ သန်းတင်သွင်းလာတာ။ ကမ္ဘောဒီးယားကအခွန်လွတ် ပြောင်းဆန်တွေ ထိုင်းစျေးကွက်ထဲ ရောက်လာတာ၊ ကမ္ဘာပြောင်းစျေး ဆက်တိုက် ကျဆင်းနေတာ တွေကြောင့် ထိုင်းစက်ရုံစျေးတွေက ပုံမှန်နှစ်များနှင့် မတူဘဲ ၁၅ ရက် တစ်ခါ စျေးအတက်အကျ ဖြစ်နေပါတယ်” လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာပြောင်းတင်ပို့မှုကို လျှော့ချနိုင်ဖို့ ဂျုံနှစ်သန်းလောက် တင်သွင်းလာတာ၊ ကမ္ဘောဒီးယားက အခွံလွတ်ပြောင်းဆန်တွေ စျေးကွက်ထဲ ရောက်ရှိလာတာ၊ ကမ္ဘာ့ပြောင်းစျေးကွက် ဆက်တိုက်ကျဆင်းနေတာကြောင့် ထိုင်းစက်ရုံတွေမှာ ပုံမှန်နှစ်တွေနဲ့ မတူဘဲ ၁၅ ရက်တခါ ပြောင်းစျေး အတက်အကျဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းကလည်း ထုတ်ပြန်ထားပါတယ်။
ပြည်ပတင်ပို့မှု အားနည်းနေတဲ့အပြင် ပြည်တွင်းအစာစပ်စက်ရုံတွေပါ စျေးနှုန်းချဝယ်ယူတာကြောင့် ပြောင်းစျေးနှုန်းဟာ ဆက်တိုက်ကျဆင်းနေပြီး ရန်ကုန်စျေးကွက်မှာ ပြောင်း ၁ ပိဿာကို ၁,၁၅၀ ကျပ်မှ ၁,၁၂၀ ကို ကျဆင်းခဲ့ပါတယ်။
ရန်ကုန်ပြောင်းကုန်သည်တဦးက “ထိုင်းနဲ့တရုတ်က အဝယ်နည်းသွားလို့ ပြောင်းစျေးကျသွားတာပါ။ ပြည်တွင်းအစာစပ်စက်ရုံတွေလည်း အဝယ်သိပ်မရှိဘူးလေ။ ပြောင်းစျေးဟာ လတ်တလောအခြေအနေမှာတော့ စျေးတက်နိုင်ဖို့ မရှိတော့ပါဘူး” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲ အမျိုးမျိုးကြောင့် အခုနှစ် ၂၀၂၃ ပြောင်းရာသီမှာ မြန်မာကုန်သည်တွေ အရှုံးပေါ်ပြီး အထိနာခဲ့ရတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လလယ်ပိုင်းက မြဝတီ နယ်စပ်ကုန်သွယ်ရေးမှာ လိုင်စင်လျှောက်ဖို့ ငွေထည့်ပေးတဲ့ ကုမ္ပဏီနဲ့ ဝယ်ယူတဲ့ကုမ္ပဏီ အမည်မတူတာကို အကြောင်းပြုပြီး ပို့ကုန်ကြေငြာလွှာ Form D မထုတ်ပေးတဲ့ ပြဿာနာကြောင့် ပြောင်းကားအစီးရေ ၅၀၀ ကျော် ထိုင်းနိုင်ငံကို ရောင်းချခွင့်မရှိဘဲ နယ်စပ်မှာ နှစ်ပတ်ကြာ သောင်တင်နေခဲ့ရပါတယ်။
ဒါကြောင့် ပြောင်းတင်ပို့တဲ့ မြန်မာကုမ္ပဏီတွေ ကြီးမားတဲ့ ဆုံးရူံးမှုတွေဖြစ်ပေါ်ခဲ့သလို တင်ပို့မှုလည်း တန်ချိန် သောင်းနဲ့ချီပြီး လျော့ကျခဲ့တယ်လို့ ပြောင်းကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။
အဲဒီအချိန်ဟာ မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံဘက်က စျေးကောင်းပေးဝယ်နေချိန် ဖြစ်ပေမဲ့ စစ်ကောင်စီ ချမှတ်ထားတဲ့ ကုန်သွယ်ရေးမူဝါဒတွေရဲ့ အခက်အခဲတွေကြောင့် မြန်မာကုန်သည်တွေ အရှုံးပေါ်ပြီး အထိနာခဲ့ရတာပါ။
မြန်မာကုန်သည်တွေအနေနဲ့ ပို့ကုန်ရငွေရဲ့ ထက်ဝက်ကို ဗဟိုဘဏ်နှုန်းနဲ့ မြန်မာငွေ လဲလှယ်ရမယ့် မူဝါဒကြောင့် နိုင်ငံတကာစျေးကွက်မှာ ယှဉ်ပြိုင်ရောင်းချ နိုင်စွမ်း မရှိတာကြောင့် အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ ထိုင်း နိုင်ငံကိုသာ အဓိက အားထားရောင်းချနေရတာ ဖြစ်ပါတယ်။
အာရှလွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်နဲ့ ထိုင်းနိုင်ငံရဲ့ ပြောင်းတင်သွင်းမှု မူဝါဒအရ ပြိုင်ဘက်နိုင်ငံတွေထဲမှာ မြန်မာပြောင်းကိုသာ အခွန်လွတ် တင်သွင်းခွင့် ပေးထားတာကြောင့် အခုစျေးကို ရရှိနေတာ ဖြစ်တယ်လို့ ပြောင်းကုန်သည်တစ်ဉီးက ဆိုပါတယ်။
“ထိုင်းနိုင်ငံကလွဲပြီး ဘယ်နိုင်ငံကမှ မြန်မာပြောင်းဆန်ကို ယခုစျေးနဲ့ မဝယ်ဘူး ။ ထိုင်းကို ရောင်းတဲ့ နေရာမှာလည်း သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် ကွာခြားချက်ကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးက ပေးတဲ့ ပြောင်းဆန်စျေးကိုလည်း ပင်လယ်ရေကြောင်းက ပေးမဝယ်နိုင်ဘူး” လို့ ပြောပါတယ်။
လက်ရှိပြည်တွင်းမှာ လက်ကျန်ပြောင်း တန်ချိန် နှစ်သိန်းခွဲကနေ သုံးသိန်းအတွင်း ကျန်ရှိနိုင်ပြီး နောက်နှစ်လအကြာမှာ လည်း မိုးပြောင်းသစ်များ ထပ်မံထွက်ရှိလာတော့မှာ ဖြစ်ပေမဲ့ ထိုင်းနိုင်ငံရဲ့ ပြောင်းစျေးကတော့ စံချိန်တင် ဆက်လက်ကျဆင်းနေပြီး ပြည်တွင်းပြောင်းစျေးကလည်း ၆လအတွင်း အနိမ့်ဆုံးအထိ တောက်လျှောက် ကျဆင်းနေပါတယ်။
ဒါကြောင့် ၂၀၂၃ ခုနှစ်ပြောင်းရာသီမှာ တောင်သူများ ပြောင်းထွက်ချိန် စျေးကောင်းရရှိခဲ့ပေမယ့် ပွဲရုံတွေ လှောင်လက်တွေ ပို့ကုန်ကုမ္ပဏီတွေ အရှုံးပေါ်ခဲ့တဲ့ နှစ်ဖြစ်တယ်လို့ ပြောင်းလုပ်ငန်းအသိုင်းအဝိုင်းက နေ သိရပါတယ်။
ကုန်သည်တွေနဲ့ ပွဲရုံတွေမှာ ပြောင်းစျေးကျတာကြောင့် အရှုံးပေါ်ခဲ့ပေမဲ့ ပြောင်းစိုက်တောင်သူတချို့ကတော့ စျေးကောင်းရရှိချိန်တုန်းက ရောင်းချနိုင်တာကြောင့် အကျိုးအမြတ် များစွာ ဖြစ်ထွန်းခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း ပိုကုန်ရငွေရဲ့ ထက်ဝက်ကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်၊ ကျန် ထက်ဝက်ကို ၂၉၂၀ ကျပ် နှုန်းနဲ့ သတ်မှတ်ထားတာကလည်း ကုန်သည်တွေရဲ့ အမြတ်အစွန်းရရှိမှုကို သိသိသာသာ ထိခိုက်စေတဲ့အပြင် အကျိုးဆက်အနေနဲ့ ပြည်တွင်းဝယ်ဈေးကိုလည်း လျော့ကျစေပါတယ်။
မြန်မာ့ပြောင်းကို နယ်စပ်ကုန်သွယ်မှုကတဆင့် ထိုင်းနဲ့ တရုတ်တို့ကို တင်ပို့ပြီး အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ကို ရေကြောင်းကုန်သွယ်မှုကတဆင့် တင်ပို့ပါတယ်။
၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေကို ပြောင်းတန်ချိန် ၂ သန်းကျော် တင်ပို့ဖို့ လျာထားခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ပြောင်းစိုက်ပျိုးမှုရဲ့ ၇၀ ရာခိုင်နှုန်းကို မိုးပြောင်းအဖြစ် စိုက်ပျိုးကြပြီး ၃၀ ရာခိုင်နှုန်းကို ဆောင်းပြောင်းအဖြစ် စိုက်ပျိုးကြကာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အဓိက စိုက်ပျိုးပါတယ်။