ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး ဇူလိုင် ၁၇ ရက် ည ၁၁ နာရီက ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြိုကျပျက်စီးပြီးနောက် ပါတီဝင်အချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှာ မနေ့ည ၁၁ နာရီဝန်းကျင်က ဗုံးသုံးကြိမ်ပေါက်ခဲ့ပြီး ပင်မဆောင်နေရာနဲ့ အစည်းအဝေးခန်းမတို့ ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရုံးက လူတော့မနေဘူး၊ ဒါပေမဲ့ ရုံးတခုလုံး ပြိုကျသွားတယ်၊ လူတော့ ထိခိုက်မှုမရှိဘူး။ ရုံးကတော့ အသစ်ပြန်ဆောက်ရမယ်။”
မြို့နယ်ပါတီရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ငွေကြေးတတ်နိုင်တဲ့ ပါတီဝင်အချို့ဟာ အခြားမြို့နယ်တွေကို ပြောင်းရွှေ့နေထိုင်ကြတယ်လို့ မယ်ထောကျေးရွာနေသူတဦးက ပြောပါတယ်။
“မြို့ပေါ်က ပါတီလူကြီးတွေက နီးစပ်ရာကို ပြောင်းကုန်ပြီး ရန်ကုန်မှာ သွားရှောင်နေတဲ့သူတွေတောင် ရှိတယ်၊ လုံခြုံတဲ့နေရာမှာသွားနေတာ။ ကျန်ခဲ့တဲ့ ပါတီဝင်တွေက သေပေါ့။”
စစ်တပ်အာဏာသိမ်းပြီးကစပြီး ဒီနေ့အထိ ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ထောင်ကျော် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။