အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးရဲ့ အဓိက အစိတ်အပိုင်းတွေဟာ မြန်မာနိုင်ငံထဲမှာ ပါဝင်နေတာကြောင့် မြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မူတည်ပြီး အဝေးပြေးလမ်းမဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ခက်ခဲကြန့်ကြာနေရတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာက ပြောပါတယ်။
၁၂ ကြိမ်မြောက် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့အတွက် ဇူလိုင်လ ၁၅ ရက်က ဘန်ကောက်ကို ရောက်ရှိချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပြီး အစည်းအဝေးမှာ ဦးစားပေး ဆွေးနွေးသွားမယ့် အရေးဟာ အဲဒီအဝေးပြေးလမ်းမ စီမံကိန်းပြန်လည် စတင်နိုင်ရေးဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဂျိုင်ရှန်ကာက “မြန်မာနိုင်ငံက အခြေအနေတွေကြောင့် ဒီအဝေးပြေးလမ်းမ စီမံကိန်းဟာ ခက်ခဲကြန့်ကြာနေရတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေကလည်း ပြီးစီးနေပြီဖြစ်တာကြောင့် ဒီစီမံကိန်းကို ဘယ်လိုရှေ့ဆက်ဆောင်ရွက်နိုင်မလဲဆိုတာ ဒီနေ့ ကျွန်တော်တို့ ဦးစားပေးအဖြေရှာသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမ စီမံကိန်းဟာ အလွန်ခက်ခဲတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး ဒီစီမံကိန်းကို ဆက်လက်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေရေးဟာ အိန္ဒိယအစိုးရရဲ့ ဦးစားပေးကိစ္စတစ်ခုဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း နိုင်ငံတွေကိုဆက်သွယ်မယ့် အဲဒီ ၁၄၀၀ ကီလိုမီတာရှည်လျားတဲ့ အဝေးပြေးလမ်းမဟာ အိန္ဒိယနိုင်ငံကနေ အရှေ့တောင်အာရှနိုင်ငံတွေကို ကုန်းလမ်းနဲ့ ဆက်သွယ်ဖို့ရည်ရွယ်ပြီး ကုန်သွယ်ရေးအပြင် ဒေသတွင်း ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲက မိုးရေးမြို့ကနေ ထိုင်းနိုင်ငံထဲက မဲဆောက်မြို့အထိ မြန်မာနိုင်ငံကိုဖြတ်ပြီး ဖောက်လုပ်မယ့် အဲဒီအဝေးပြေးလမ်းမဟာ ၇၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၉ ဒီဇင်ဘာလမှာ စတင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ဆောက်လုပ်ခဲ့တဲ့ အဝေးပြေးလမ်းမကြီးဟာ အကြောင်းကြောင်းကြောင့် ပြီးစီးဖို့ နှောင့်နှေးနေခဲ့ပါတယ်။
အဝေးပြေးအမြန်လမ်းမကြီးရဲ့ ထိုင်းနိုင်ငံဘက်က လမ်းပိုင်းအတော်များများဟာ ပြီးစီးသွားပြီဖြစ်ကြောင်း The Millenium Post သတင်းမှာ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယဘက်အခြမ်းက အင်ဖာ-မိုးရေး လမ်းပိုင်းဟာလည်း ဒီနှစ်အကုန်မှာ အပြီးသတ်နိုင်မယ်လို့ ခန့်မှန်းထားပြီး မြန်မာနိုင်ငံအတွင်းက လမ်းပိုင်းကိုတော့ နောက်သုံးနှစ်အကြာမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်ထဲက မိုးရေးမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်ဖောက်လုပ်မယ့် ဒီအဝေးပြေးအမြန်လမ်းမကြီးဟာ သုံးနိုင်ငံအတွင်း ကုန်လမ်းသယ်ယူပို့ဆောင်ရေးမှာ အဆင်ပြေချောမွေ့စေဖို့သာမကဘဲ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့အထိပါ ဆက်လက်တိုးချဲ့ဖောက်လုပ်သွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
ဒီအဝေးပြေးလမ်းမ စီမံကိန်းဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ရည်ရွယ်ထားတဲ့ အိန္ဒိယရဲ့ အရှေ့တိုင်းဆက်ဆံရေးမူဝါဒ (Act East Policy) ရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအဝေးပြေးလမ်းမကြီးကြောင့် ယခင်တည်းက ရည်ရွယ်ထားကြတဲ့ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေကြား ပိုမိုကောင်းမွန်တဲ့ ကူးသန်းရောင်းဝယ်မှုနဲ့ ဆက်ဆံရေးကို ရရှိစေမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းက မြဝတီ-မဲဆောက် လမ်းပိုင်းဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ လမ်းပိုင်းဆောက်လုပ်ရေး ပြီးစီးမှုအခြေအနေ အသေးစိတ်ကို ထုတ်ပြန်ထားခြင်းမရှိသော်လည်း ဒီနှစ်ကုန်မှာတော့ အဲဒီလမ်းကို စတင်အသုံးပြုနိုင်တော့မယ်လို့ ယူဆရပါတယ်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ကလည်း ပိုမိုကောင်းမွန်တဲ့ ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် ဒီအဝေးပြေးလမ်းစီမံကိန်းမှာ သူ့ရဲ့မြို့တော် ဒါကာ ကနေ ပါဝင်ချိတ်ဆက်လိုကြောင်း ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတွင်းမှာ မူးယစ်ဆေးဝါးပြဿနာတွေဟာလည်း ပိုမိုများပြားလာခဲ့ပါတယ်။ နိုင်ငံတကာ မူးယစ်ထိန်းချုပ်ရေးအဖွဲ့နဲ့ ကုလသမဂ္ဂအဖွဲ့တို့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အာရှတိုက်ရဲ့ တရားမဝင် မီသာဖီတမင်းနဲ့ ဘိန်းဖြူထုတ်လုပ်ရေးမှာ မြန်မာနိုင်ငံဟာ အဓိကနေရာ ဖြစ်လာတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အယ်ရွန်နာချယ် ပရဒက်ရှ်၊ နာဂလန်း၊ မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်တွေဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်းထိစပ်နေပြီး အဲဒီပြည်နယ်တွေမှာလည်း မူးယစ်မှောင်ခိုရောင်းဝယ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဇူလိုင်လ ၁၅ ရက် စနေနေ့ ညပိုင်းမှာ အာသံရိုင်ဖယ်နဲ့ အခြားအာဏာပိုင် အေဂျင်စီတွေက မီဇိုရမ်ပြည်နယ်ထဲမှာ မူးယစ်နှိမ်နင်းရေးလုပ်ငန်းတွေကို သီးခြားစီဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံကနေ မှောင်ခိုတင်သွင်းလာခဲ့တဲ့ အိန္ဒိယရူပီး သိန်းပေါင်း ၂၉၀၀ တန်ဖိုးရှိ နိုင်ငံခြားစီးကရက်မျိုးစုံနဲ့ ဘိန်းဖြူတွေကို လူ ၆ ယောက်နဲ့ အတူ ဖမ်းဆီးရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ မူးယစ်ဆေးမှောင်ခိုတင်သွင်းမှုဟာ မီဇိုရမ်ပြည်နယ်အတွက်သာ မဟုတ်ဘဲ အိန္ဒိယတစ်နိုင်ငံလုံအတွက် အရေးတကြီးသတိထားရမယ့် ကိစ္စဖြစ်တယ်လို့ အာသံရိုင်ဖယ် အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ ကလည်း လူမှောင်ခို၊ မူးယစ်မှောင်ခို ကုန်ကူးမှုဆိုင်ရာ ပြဿနာတွေနဲ့ ပါတ်သက်တဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီး လူကုန်ကူးခံရသူတွေ နေရပ်ပြန်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့တွေ ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
မဏိပူရပြည်နယ်ဝန်ကြီး နန်သွမ်ဘန်ဘီရန်ဆိုင်းကလည်း မီဇိုရမ်ပြည်နယ်မှာ တရားမဝင်မူးယစ်မှောင်ခိုကူးသန်းမှုတွေ မြင့်တက်လာတာကို အလေးအနက်စိုးရိမ်ပူပန်မိကြောင်းနဲ့ မူးယစ်တိုက်ဖျက်ရေးအတွက် မီဇိုရမ်ပြည်နယ်အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အားပေးထောက်ခံကြောင်း ပြောပါတယ်။
ထရိုင်ပူရပြည်နယ်ဝန်ကြီးကလည်း “မူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံကနေ အာသံပြည်နယ်နဲ့ မီဇီုရမ်ပြည်နယ်ထဲကို မှောင်ခိုသွင်းလာကြတယ်။ အဲဒီကနေမှ ထရိုင်ပူရကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကို ဆက်ပို့ကြတယ်” လို့ ပြီးခဲ့တဲ့နှစ်က ပြောခဲ့ဖူးကြောင်း အိန္ဒိယအခြေစိုက် News18 သတင်းကပြောပါတယ်။
Ref: News18