တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မိုးသက်လေပြင်း ကျရောက်တာကြောင့် ကမ်းနားလမ်းမှာ ရပ်နားထားတဲ့ သမ္ဗန်တချို့ နစ်မြုပ်ကာ သစ်ပင်တွေ ပြိုလဲပျက်စီးပြီး ထိခိုက်သေဆုံးသူရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်တာကြောင့် မြိတ် ကမ်းနားလမ်းနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေကြီးရေလျှံခဲ့ပြီး ပျက်စီးဆုံးရှုံးတာတွေ ရှိတယ်လို့ သိရပါတယ်။
မြိတ်ဒေသခံတဦးက “အားလုံးအတိုင်းအတာက မခန့်မှန်းနိုင်သေးဘူး။ မျက်မြင်အရဆိုရင် သမ္ဗန် စက်လှေ ၁ဝ စီးကျော် မြုပ်တာတွေ့တယ်။ ဆိပ်ငယ်ဗောတံတား အတို ၁ လုံး မြုပ်သွားတယ်။ တံတားတွေ ရွဲ့စောင်းသွားတယ်” လို့ ပြောပါတယ်။
လေပြင်းတိုက်ခိုက်တာကြောင့် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှားတောဝရပ်ကွက် နဂါးရာဇ်ကျောင်းဘက်မှာ ဒေသခံ ၁ ဦး အုန်းပင်ပိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကော့သောင်းမြို့ရှိ ရွှေဇင်ယော်ရပ်ကွက် မြရည်ပုလဲလမ်းမှာ မြေပြိုကျမှုကြောင့် အဆောက်အအုံ အုတ်နံရံ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လာမယ့်ရက်တွေမှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ၁ နာရီ မိုင် ၄ဝ နှုန်းနဲ့ လေတိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။