လူ့အခွင့်အရေးလှုပ်ရှားတဲ့ မြန်မာအမျိုးသမီးတယောက်နဲ့ သူ့ရဲ့မိသားစုဝင်တွေဟာ အခုလထဲမှာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားခဲ့တဲ့အမှုကို စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်လို့ ဇူလိုင်လ ၁၈ ရက်မှာ မလေးရှားရဲက ထုတ်ပြန်လိုက်ပါတယ်။
ပျောက်ဆုံးနေတဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်သူဇာမောင်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး ကုလသမဂ္ဂရဲ့ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်တောင်းခံထားတဲ့ အထောက်အထားကတ်ကိုင်ဆောင်ထားသူလည်းဖြစ်ပါတယ်။
လောလောဆယ်မှာတော့ သူနဲ့အတူ သူ့ရဲ့ခင်ပွန်း၊ ကလေးငယ် သုံးယောက်တို့ဟာ ဇူလိုင်လ ၄ ရက်နေ့မှာ ဖမ်းဆီးပြန်ပေးဆွဲခံခဲ့ရတယ်လို့ ယူဆထားပါတယ်။
မျက်မြင်သက်သေတွေနဲ့ CCTV ကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းတွေအရ ကြိုတင်ကြံစည်ထားပုံရတဲ့ ပြန်ပေးဆွဲသူတွေဟာ ဇူလိုင်လ ၄ ရက်နေ့မှာ မလေးရှားနိုင်ငံ ဆလန်းဂေါပြည်နယ်ထဲက ဒေါ်သူဇာမောင်တို့မိသားစုရဲ့ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားကြတာလို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ပြောပါတယ်။
မလေးရှားအစိုးရအနေနဲ့ သူတို့မိသားစုတည်ရှိရာ နေရာကို မြန်ဆုံးရှာဖွေပြီး သူတို့ရဲ့ လုံခြုံရေးအတွက် အရေးပေါ်ဆောင်ရွက်သင့်ကြောင်း HRW ရဲ့ အာရှဒေသဒါရိုက်တာ အီလိန်းပီယာဆန်က ဇူလိုင်လ ၁၇ ရက် တနင်္လာနေ့ ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။
သူတို့မိသားစုပျောက်ဆုံးနေကြောင်း တိုင်ကြားချက်ရရှိပြီးနောက်မှာ ရဲဌာနက လူပျောက်စုံစမ်းမှု စတင်ခဲ့ကြောင်း ဆလန်းဂေါပြည်နယ်ရဲမှူး ဟူစိန်ဥမ္မာခန်ကပြောတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် အသေးစိတ်ဖြေကြားခြင်းမရှိပေမဲ့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ပြန်ပေးဆွဲခြင်းအပါအဝင် ရာဇဝတ်မှုဆိုင်ရာနယ်ပယ်အားလုံးကို စုံစမ်းစစ်ဆးသွားမှာဖြစ်တယ်လို့ ဆလန်းဂေါပြည်နယ်ရဲမှူးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေများပြားလာတာကြောင့် ၂၀၁၅ ခုနှစ်မှာ မလေးရှားကို ထွက်ပြေးလာခဲ့တဲ့ ဒေါ်သူဇာမောင်ဟာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ထောက်ခံအားပေးသူဖြစ်တာကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခံရပုံရတယ်လို့ HRW က ပြောပေမဲ့ ဘယ်သူကကျူးလွန်တာဖြစ်နိုင်တယ်လို့တော့ ပြောခဲ့ခြင်းမရှိပါဘူး။
မြန်မာမွတ်ဆလင်ဒုက္ခသည်များအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်သူဇာမောင်ဟာ Follower ၉၃၀၀၀ ကျော်ရှိတဲ့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ မြန်မာစစ်အာဏာရှင်တွေရဲ့ အလွဲသုံးစားမှုတွေကို ရေးသားဝေဖန်လေ့ရှိပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိသေးဘူးလို့ ရိုက်တာက ပြောပါတယ်။
ဇူလိုင် ၄ ရက်က သူတို့မိသားစုနေထိုင်ရာ လုံခြုံရေးအစောင့်ဂိတ်ရှိတဲ့ အိမ်ရာထဲကို သံသယဖြစ်စရာ ကားတစ်စီးဝင်သွားတာကို CCTV မှတ်တမ်းကနေ သိရှိခဲ့ရကြောင်း HRW က ပြောပါတယ်။
အဲဒီကားကို မောင်းနှင်လာတဲ့ ယာဉ်မောင်းက သူတို့ဟာ ရဲတွေဖြစ်ကြောင်း ဂိတ်စောင့်လုံခြုံရေးကိုပြောခဲ့ပေမယ့် နောက်ပိုင်းမှာ လိုင်စင်နံပါတ်ပြားကို ရဲဌာနက စစ်ဆေးကြည့်ရှုပြီး အယောင်ဆောင်ရဲအတုဖြစ်တယ်လို့ ထုတ်ပြန်ကြောင်း HRW က ပြောပါတယ်။
အဲဒီနောက် နှစ်နာရီလောက် အကြာမှာတော့ သူတို့ရဲ့ နေအိမ်ကို သူတို့မသိတဲ့ အမျိုးသားတွေ ဝင်ရောက်လာတာတွေ့ကြောင်း ဒေါ်သူဇာမောင်က သူ့အမျိုးသားကို လှမ်းပြောတာ ဖုန်းထဲကနေကြားခဲ့ရကြောင်း အဲဒီအချိန်မှာ ဒေါ်သူဇာမောင်နဲ့ ဖုန်းပြောနေတဲ့ မိတ်ဆွေတစ်ဦးက ပြန်လည်ပြောပြခဲ့တယ်လို့ HRW က ပြောပါတယ်။
အဲဒီနောက် အချိန်အနည်းငယ်အကြာမှာတော့ ခုနက အယောင်ဆောင် ရဲကားနဲ့အတူ ဒေါ်သူဇာမောင်တို့မိသားစုပိုင် ကားနှစ်စီးဟာ အိမ်ရာဝင်းထဲကနေ ပြန်လည်ထွက်ခွာသွားတာကို တွေ့ရတယ်လို့ လို့ဆိုပါတယ်။
ဒေါ်သူဇာမောင်နဲ့ သူ့မိသားစုဝင်တွေရဲ့ ဖုန်းတွေဟာလည်း စက်ပိတ်ထားကြတယ်လို့ HRW က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source: Reuters