Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ အထူးအယူခံအမှု ဆက်လက်ကြားနာ
DVB
·
July 18, 2023
DASKK-President-U-Win-Myint

နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်တို့အပေါ် ထောင်ဒဏ် ၂ နှစ်စီချမှတ်ထားတဲ့ ပုဒ်မ ၅၀၅(ခ)အမှု၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ၊ ပို့ကုန်သွင်းကုန်အမှုတွေ နဲ့ပတ်သက်တဲ့ အထူးအယူခံအမှုတွေကို ဇူလိုင် ၁၈ ရက် ဒီနေ့ ပြည်ထောင်စုတရား လွှတ်တော် ချုပ်မှာကြားနာခဲ့ပါတယ်။

တရားရေးနဲ့နီးစပ်သူတစ်ဦးက “ဒီနေ့ အမှုတွေ ကြားနာတာပြီးသွားပြီ။ နောက်လ ၈ ရက်နေ့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့အမှု ကြားနာမယ်” လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှု၊ နိုင်ငံတော်လျှို့၀ှက်အက်အမှု၊ ရဟတ်ယာဉ်အမှု စတဲ့ အထူးအယူခံအမှုတွေကိုလည်း ဇူလိုင် ၅ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကြားခဲ့ပြီးဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ပြစ်ဒဏ်အမိန့်ချထားပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့မှာ ဘာအပြစ်မှမရှိကြောင်း ငြင်းဆိုထားပါတယ်။

နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သူတို့ရဲ့ ရှေ့နေတွေ အမှုတွေအတွက် ပြောဆိုဆွေးနွေးစရာတွေရှိတဲ့အတွက် တွေ့ဆုံခွင့် အကြိမ်ကြိမ်တောင်းထားပေမဲ့ စစ်ကောင်စီဘက် တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပုဒ်မအမျိုးစုံတပ်ကာ တရားစွဲဆိုအမိန့်ချပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ ထားသလို နိုင်ငံတော်သမ္မတဦး၀င်းမြင့်ကိုလည်း  တောင်ငူအကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024