ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဇူလိုင် ၁၈ ရက် မနက်အစောပိုင်းက ငါးပစ်ဂိမ်းဆိုင်တခု ဓားပြတိုက်ခံရပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှော်ဝမ်းရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်မှာရှိတဲ့ ငါးပစ်ဂိမ်းဆိုင်ကို အမည်မသိ လူခြောက်ယောက်က ဝင်ရောက် ဓားပြတိုက် ငွေတွေယူပြီး အမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတဦးက “ငါးပစ်ဂိမ်းဆိုင်က မနက်အစောကြီး ၃ နာရီလောက် ဓားပြတိုက်ခံရတာ။ ဆိုင်ကယ်သုံးစီးနဲ့ မျက်နှာဖုံးစွပ်ထားတဲ့ လူခြောက်ဦး ရောက်လာပြီး ဓားပြတိုက်တာ။ သေနတ်အတို သုံးလက် ပါတယ်။ ပိုက်ဆံလည်း အတော်များများပါသွားတယ်။ သေနတ်နဲ့ပစ်သတ်သွားလို့ လူလတ်ပိုင်း အမျိုးသားတဦး သေသွားတယ်” လို့ ပြောပါတယ်။
သေနတ်ကိုင်ဆောင်ပြီး ဓားပြလာတိုက်တဲ့ လူ ၆ ဦးဟာ ငါးပစ်ဂိမ်းဆိုင်ကောင်တာက ငွေတွေအပြင် လရောက်ကစားနေသူတွေရဲ့ လက်ဝတ်လက်စားနဲ့ ငွေတွေကိုပါ ယူဆောင်သွားပြီး အသက် ၄၀ ကျော်အရွယ် ကိုဇော်သိန်းဦး ဆိုသူကို သေနတ်နဲ့ ပစ်သတ်သွားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၄ ရက်ကလည်း မျက်နှာဖုံးစွပ်ထားတဲ့ လူသုံးဦးက သေနတ်တွေကိုင်ဆောင်ပြီး လုံးခင်းနယ်မြေရဲစခန်းအနီးက နေအိမ်တလုံးကို ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး အိမ်စီးကားတစီး၊ ငွေကျပ် သိန်း ၃၀ နဲ့ လက်ကိုင်ဖုန်းတလုံး ယူဆောင်သွားခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့အလောင်း စွန့်ပစ်မှု၊ အနုကြမ်းစီး ဓားပြတိုက်မှု၊ လုယက်သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖမ်းဆီးအရေးယူနိုင်တာ မရှိသေးပါဘူး။