တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ကို ဇူလိုင် ၁၇ ရက် ညပိုင်းက ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်း တာ့လင်းမ်ဟာ တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းကို ပထမဆုံး ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာပါတယ်။
အာဏာပိုင်တွေဟာ ရေကြီးမှုသတိပေးချက်တွေ ထုတ်ပြန်ဖို့ ညွှန်ကြားထားပြီး လေယာဉ်နဲ့ ရထားခရီးစဉ်တွေကို ဖျက်သိမ်းဖို့နဲ့ လူတွေကို အိမ်မှာနေဖို့ အမိန့်ပေးထားပါတယ်။
ဒီနှစ်အတွက် စတုတ္ထမြောက် တိုင်ဖွန်းဖြစ်တဲ့ တာ့လင်းမ်မုန်တိုင်းဟာ တနင်္လာနေ့ ဒေသစံတော်ချိန် ညပိုင်း ၁၀ နာရီ ၂၀ မိနစ်မှာ ကွမ်တုံပြည်နယ် ကမ်းရိုးတန်းဒေသက ကျန်းဇီအားင်ဆိပ်ကမ်းမြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား စောင့်ကြည့်လေ့လာရေးဌာနကနေ သိရပါတယ်။
မုန်တိုင်းဗဟိုချက်အနီးမှာ လေပြင်းတွေ တိုက်ခတ်ခဲ့ပြီး တနာရီကို ကီလိုမီတာ ၁၄၀ နှုန်းနဲ့ အမြင့်ဆုံးတိုက်ခတ်ခဲ့ကြောင်း ကွမ်တုံပြည်နယ် မိုးလေဝသဗျူရိုက ပြောပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ အင်္ဂါနေ့မှာ ဘေးဘိုပင်လယ်ကွေ့ကို မဝင်ရောက်မီ တနာရီကို ၁၅ ကီလိုမီတာမှ ၂၀ ကီလိုမီတာ အမြန်နှုန်းနဲ့ အနောက်မြောက်ဘက်ကို ရွေ့လျားမယ်လို့ ကွမ်တုံ မိုးလေဝသဌာနက ခန့်မှန်းထားပြီး တရုတ်နိုင်ငံ တောင်ဘက်ကမ်းရိုးတန်းရှိ တခြားမြို့တွေကို ခြိမ်းခြောက်နိုင်ပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် ကျန်းဇီအားင်မြို့နဲ့ အနီးပတ်ဝန်းကျင် ဒေသတွေကို မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေလည်း ရှိပါတယ်။
မိုးလေဝသဌာနဟာ တိုင်ဖွန်း တာ့လင်းမ်အတွက် ဒုတိယအမြင့်ဆုံး သတိပေးချက်ဖြစ်တဲ့ လိမ္မော်ရောင်သတိပေးချက်ကို တနင်္လာနေ့မှာ အသစ်ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ အရေးပေါ် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေပြီး ဒေသခံတွေကို ဘေးကင်းတဲ့နေရာတွေမှာ နေထိုင်ကြဖို့ အကြံပြုထားပါတယ်။
Source - Reuters