ကမ္ဘာ့အပူချိန်ဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်မားတဲ့အခြေအနေဆီ ဦးတည်သွားခဲ့လို့ ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ဟာ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတွေ ပြန်စဖို့ ဇူလိုင် ၁၇ ရက်က ကြိုးပမ်းခဲ့ကြပါတယ်။
စက်မှုမတိုင်မီခေတ်အဆင့်ထက် ကမ္ဘာကြီးပူနွေးမှု ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် မပိုအောင် ထိန်းသိမ်းဖို့ ပစ်မှတ်ဟာ လက်လှမ်းမမီနိုင်လောက်အောင် ရွေ့လျားနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေပြီး အကျပ်အတည်းရဲ့ အထောက်အထားတွေကတော့ နေရာတိုင်းမှာ ရှိနေပါတယ်။
လာမယ့် သီတင်း ၂ ပတ်အတွင်း အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမယ့် ဒုတိယမြောက် အပူလှိုင်း မရိုက်ခတ်မီ ဥရောပတိုက်မှာ တောမီးတွေ အပြင်းအထန် လောင်ကျွမ်းနေပါတယ်။
အမေရိကန်လူဦးရေရဲ့ လေးပုံတပုံနီးပါးဟာ ပြင်းထန်တဲ့ အပူရှိန်ဆိုင်ရာ အကြံပေးချက်အောက်မှာ နေနေရပြီး အနောက်နိုင်ငံတွေမှာတော့ အပူအမိုးခုံးတခု ဖြစ်ထွန်းနေပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် သီးခြား တောမီးနှစ်ခု ဇူလိုင် ၁၇ ရက်က လောင်ကျွမ်းခဲ့တဲ့အတွက် ဂရိနိုင်ငံ အေသင်မြို့တော် အနောက်တောင်ပိုင်းနဲ့ အနောက်ဘက်က အိမ်တွေ ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အရေးပေါ်ဌာနတွေက ရဟတ်ယာဉ်တွေကိုသုံးပြီး တောမီးကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတုန်း တောမီးဆီကနေ မှောင်မိုက်တဲ့မီးခိုးတွေ တက်လာပြီး လာဂိုနစ်ဇီဒေသမှာ ပျံ့နှံ့နေတာကို ဗွီဒီယိုထဲမှာ ပြထားပါတယ်။
ဂရိနိုင်ငံဟာ နွေရာသီရဲ့ ပထမဆုံး အပူလှိုင်းဒဏ်ကနေ ပြန်နာလန်ထူလာပေမဲ့ မီးဘေးအန္တရာယ် မြင့်မားနိုင်တယ်လို့ ဂရိမိုးလေဝသဌာနက သတိပေးထားပါတယ်။
Source-Reuters