ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းဒွန်းပရမတ်ဝိနိုင်းဟာ တရုတ်နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိ ဝမ်ယိနဲ့ရော ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်နဲ့ပါ သီးခြားစီ တွေ့ဆုံပြီး မြန်မာ့အရေးကိစ္စတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆွေးနွေးခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းဒွန်းပရမတ်ဝိနိုင်းတို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဇူလိုင် ၁၄ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ မြန်မာနိုင်ငံအရေးကိစ္စတွေ ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ တရုတ်ဆင်ဟွာ သတင်းမှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်က လတ်တလော မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဝမ်ယိကို ဆွေးနွေးပြောဆိုခဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာအောင် အားပေးဖို့ တရုတ်နိုင်ငံက အဓိကနေရာကနေ ဆက်လက်ပါဝင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
တရုတ်နိုင်ငံခြားရေး အဆင့်မြင့်အရာရှိ ဝမ်ယိကလည်း စိုးရိမ်စရာမြင့်တက်လာနေတဲ့ မြန်မာ့အရေးကိစ္စကို ဖြေရှင်းဖို့ အာဆီယံအနေနဲ့ ကိုယ်ရဲ့နည်းလမ်းနဲ့ ကိုယ်လုပ်ဆောင်နေတာကို တရုတ်နိုင်ငံက အားပေးထောက်ခံတယ်လို့ ပြောဆိုခဲ့ပြီး သက်ဆိုင်သူတွေအားလုံးလက်ခံတဲ့ လမ်းပြမြေပုံတခုနဲ့ လုပ်ဆောင်ဖို့လည်း တိုက်တွန်းပြောပါတယ်။
ဒါ့အပြင် အခြေအနေကို ဖန်တီးယူတဲ့ ထိုင်းနိုင်ငံရဲ့ ချည်းကပ်လုပ်ဆောင်ပုံနဲ့ မြန်မာအရေးကိစ္စ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုတယ်လို့လည်း ပြောပါတယ်။
အာဆီယံရဲ့ ညီညွတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းရပ်တည်ပြီး အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးကို အားပေးထောက်ခံသလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပြုသဘောဆောင်တဲ့ နေရာ အခန်းကဏ္ဍ ဆက်လက် ပါဝင်လုပ်ဆောင်သွားမယ်လို့လည်း ဝမ်ယိက ပြောပါတယ်။
အာဆီယံအစည်းအဝေးအပြီးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်နဲ့လည်း ဇူလိုင် ၁၅ ရက်က ထိုင်းနိုင်ငံ ဖူးကတ်မြို့မှာ တွေ့ဆုံပြီး အာရှပစိဖိတ်ဒေသအရေး၊ ယူကရိန်းအရေးနဲ့ မြန်မာ့အရေးတွေဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းဒွန်းပရမတ်ဝိနိုင်းဟာ ဇူလိုင် ၉ ရက်က နေပြည်တော်ကို ရောက်လာပြီး အကျဉ်းကျခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က အားပေးတဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တဲ့ အကြောင်းပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံကို ကိုယ်စားပြုသူမဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကိုယ်စားပြုသူမဟုတ်ကြောင့် ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ သူ့ရဲ့ ပြန်လည်ပြောဆိုချက်တွေဟာလည်း အများယုံကြည် လက်ခံနိုင်တဲ့ သက်သေအထောက်အထားမရှိတဲ့အတွက် သံသယရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ပါတယ်။
စစ်ကောင်စီကတော့ ဒီတွေ့ဆုံမှုအပေါ် အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ PDF တွေအကြား သွေးထိုးရန်တိုက်ပေးပြီး မဟုတ်မှန်သတင်းတွေဖြန့်ကာ ဝါဒဖြန့်ချိရေးတွေ လူမှုကွန်ရက်ကနေ လုပ်ဆောင်နေပါတယ်။
Photo-Ministry of Foreign Affairs, Thailand
Source: Xinhua