Home
မြန်မာသတင်း
လွိုင်ကော်တွင် စစ်တပ်က အင်အားဖြည့်၊ ရှမ်း-ကရင်နယ်စပ်ရှိ စစ်ရှောင်များ အကူအညီလိုအပ်
DVB
·
July 17, 2023
359806681_1391800938046537_5599195261368021824_n

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင်းကို စစ်ကောင်စီတပ်က အခုလအတွင်း စစ်အင်အားတွေ ဖြည့်တင်းနေပြီး စစ်ဆေးတာတွေကိုလည်း တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ညဆိုရင် အမြဲတမ်း ကင်းလည့်တယ်၊ တင့်ကား ၂ စီးနဲ့။ ယောကျ်ားလေးတွေ ပိုစစ်တယ်။ မှတ်ပုံတင်တောင်းကြည့်တယ်။ လွယ်အိတ်ထဲ ပလိုင်းထဲ အိတ်မှန်သမျှ ဖွင့်ပြီး အကုန်စစ်တယ်။ ဆိုင်ကယ်ဆိုရင်လည်း ထိုင်ခုံအောက်ကို ဖွင့်ခိုင်းပြီး စစ်တယ်။”

လွိုင်ကော်မြို့ရဲ့ အဓိကနေရာတွေဖြစ်တဲ့ အစိုးရရုံးတွေ၊ YGM (လာဘ်မီးအိမ်)၊ မီးသတ်ကုန်း၊ ဝန်ထမ်းအိမ်ရာ၊ ဥတ္တရာရုံနဲ့ မြို့အဝင်အထွက် နေရာတွေမှာ ပိုစစ်ဆေးတယ်လို့ သိရပါတယ်။

မြို့အတွင်း စစ်ကောင်စီတပ်ရဲ့ ရဲနဲ့ စစ်သား ၅ ယောက်တဖွဲ့အနေနဲ့ ကင်းပုန်းဝပ်တာတွေလည်း ရှိနေပြီး အရပ်ဝတ်တွေနဲ့လည်း စစ်​ဆေးတာရှိတယ်လို့ ဆိုပါတယ်။

ဇူလိုင်လအတွင်း မိုးဗြဲမြို့ကနေ စစ်ကား ၁၅ စီးနဲ့ အင်အားဖြည့်တင်းတာတွေ၊ လေကြောင်းကနေ အင်အားထပ်ဖြည့်တာတွေအပြင် ဇွန်လကလည်း လွိုင်ကော်မြို့မှာရှိတဲ့ စစ်တပ်အသိုင်းအဝိုင်းက လူတွေကို နေရာရွှေ့ပြောင်းတာတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ရှမ်း-ကရင်နယ်စပ်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဇူလိုင် ၁၁ ရက်နေ့မနက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေယာဥ်နဲ့ ဗုံးကြဲတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရွာ ၄ ရွာက ပြည်သူတွေ စားဝတ်နေရေး အခက်အခဲကြုံနေကြပြီး အကူအညီလိုအပ်နေပါတယ်။

စစ်ရှောင်ရွာသားတဦးက ''မိသားစုတွေက တနေရာဆီ အဆက်အသွယ်မရကြဘူး။ တချို့က လိုင်းမိတဲ့နေရာရောက်ပြီး တချို့က လိုင်းမမိတဲ့နေရာရောက်နေကြပါတယ်၊ ခုထိလက်နက်ကြီးသံတွေ ကြားနေရတုန်း၊ အဘိုးအဘွားတွေက အိမ်ပဲပြန် ချင်ကြတယ်၊ ကလေးတွေလည်း ကြောက်လို့ ငိုကြတယ်'' လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ အလျင်အမြန်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ မိုးတွင်းကာလဖြစ်တာကြောင့် အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

လေယာဥ်ကြဲတာကြောင့် ယာဒို၊ ဝါသောခို အပါအဝင် ရွာ ၄ ရွာက ပြည်သူ ၂၀၀၀ ကျော် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024