Home
မြန်မာသတင်း
နေပြည်တော်တွင် ဒုညွှန်ချုပ်နေအိမ်ကို ဓားပြတိုက်ခဲ့သည့် စစ်တပ်အရာရှိဟောင်း ဖမ်းဆီးခံရ
DVB
·
July 17, 2023
359832590_10159552274812913_8312241941865181674_n

နေပြည်တော်၊ အလုပ်သမားဝန်ကြီးဌာနက ဒုညွှန်ကြားရေးမှူးချုပ်နေအိမ်ကို ဓားပြတိုက်ခဲ့တဲ့ အငြိမ်းစား တပ်မတော် အရာရှိတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင် VIP ရပ်ကွက်၊ မြရွှေဝါ ၉ လမ်းနေ ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွေဦးကို နေအိမ်မှာ ဇူလိုင် ၁၀ ရက် ညပိုင်းက အမည်မသိ အမျိုးသားတယောက်က  ကြိုးတုပ်ကာ ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ ဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဝန်ထမ်းတွေကို အယောင်ပြခေါ်စစ်တာ၊ ဓားပြတိုက်တဲ့သူက ဗိုလ်ကြီးလား၊ ဗိုလ်မှူးလား မသိဘူး၊ မိသွားပြီ။ သေနတ်တွေနဲ့မိတာ။”

ဓားပြတိုက်ခဲ့သူ စစ်ကောင်စီတပ်က အငြိမ်းစားအရာရှိ ဘုန်းနိုင်ဝင်းကို စစ်ကောင်စီတပ်နဲ့ ရဲတွေက မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်း စွယ်တော်စီးတီးအိမ်ရာမှာ ဇူလိုင် ၁၂ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မိတဲ့သူက D.S.A ကျောင်းဆင်းပဲ။ အနိမ့်ဆုံး ဗိုလ်ကြီးအဆင့်ပဲ။ လတ်တလော တပ်ကထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်ထားတယ်။ သေနတ်အရှည်တလက်ရယ် ကျည်တွေနဲ့ မိတာ၊ တပ်ကိုလွှဲပေးလိုက်ပြီ။”

ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွေဦး နေအိမ်ကို ဓားပြတိုက်သူ အငြိမ်းစားအရာရှိ ဘုန်းနိုင်ဝင်းဟာ အဆိုပါ ထန်းတပင် VIP ရပ်ကွက် မြရွှေဝါ ၆ လမ်းမှာ ငှားရမ်းနေထိုင်ပြီး ပြစ်မှုကျူးလွန်ပြီးနောက် မင်္ဂလာဒုံတပ်နယ်မှာ လာရောက်ရှောင်နေစဥ် ဖမ်းဆီးခံရတာလို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“USA ထုတ် ပွိုင့် .22 သေနတ်တလက်ရယ်၊ ကာဘိုင်ကျည် ရှစ်တောင့်၊ ၉ မမကျည် ၂၇ တောင့်၊ ကျည် ၃၄ တောင့်ပါတဲ့ ကျည်အိမ်တခုပါတယ်၊ အသံတိတ်ပြောင်း ပစ္စတိုအိတ်ရယ်၊ ပြီးတော့ CB၊ KBZ၊ AYA၊ UAB စတဲ့ ဘဏ်ကတ်တွေ ငါးခုလောက်ပါတယ်။”

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ စစ်ကောင်စီတပ်က အငြိမ်းစားအရာရှိ ဘုန်းနိုင်ဝင်းကို ဒက္ခိဏသီရိမြို့မရဲစခန်းက (ပ)/၂၀/၂၀၂၃ ပုဒ်မ ၄၅၈ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက် ညပိုင်းကလည်း နေပြည်တော် အလုပ်သမားရေးရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးရုံးက ညွှန်ကြားရေးမှူးရဲ့ဇနီးကို သတ်ပြီး ရွှေငွေ လက်ဝတ်လက်စားတွေယူသွားတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024