နေပြည်တော်မှာနေတဲ့ အလုပ်သမားဝန်ကြီးဌာန၊ ဦးစီးအရာရှိတယောက်ရဲ့နေအိမ်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဓားပြတိုက်ခံရပြီး ဝန်ထမ်းတချို့ခေါ်ယူစစ်ဆေးခံရတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနက တခြားအဆင့်ဝန်ထမ်းတွေကို ဇူလိုင် ၁၃ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ရဲတွေက ဓားပြတိုက်ခံရတဲ့ ကိစွနဲ့ပတ်သက်လို့ စစ်ဆေး မေးမြန်းတာတွေရှိတယ်လို့ ဝန်ထမ်းတယောက်က ဒီဗွီဘီ ကိုပြောပါတယ်။
"VIP ရပ်ကွက်မှာနေတဲ့ ဦးစီးမှူးအိမ် ဓားပြတိုက်ခံရတယ်။ ၁၀ ရက်နေ့ညက။ ရွှေတွေရော၊ ငွေတွေရော၊ အရေးကြီးတဲ့စာရွက်စာတမ်းတွေရော ပါသွားတယ်။ မသင်္ကာတဲ့ဝန်ထမ်းတွေ ခေါ်ပြီး မေးမြန်းတာရှိတယ်" လို့ ပြောပါတယ်။
ဒဏ္ခိဏသီရိမြို့နယ်၊ ထန်းတပင် VIP ရပ်ကွက်မှာနေတဲ့ အလုပ်သမားဝန်ကြီးဌာန၊ ဦးစီးအရာရှိတယောက်ရဲ့ နေအိမ်ကို ဇူလိုင် ၁၀ ရက်၊ ည ၉ နာရီက ဓားပြတိုက်ခံရတာ မှန်ကန်ပြီး ပြစ်မှုကျူးလွန်သူတွေကို မမိသေးဘူးလို့ ဒဏ္ခိဏမြို့မရဲစခန်းနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီ ကိုပြောပါတယ်။
"အိမ်ထဲကိုဝင်ပြီးလုသွားတာ။ သိန်း ၁၀၀ ကျော်၊ ရွှေက ၃ ကျပ်သား။ အိမ်ဂရမ်နဲ့ ဘဏ်ကဒ်တွေပါသွားတယ်။ တရားခံကို အခုချိန်ထိမမိသေးဘူး။ ဝန်ထမ်းတွေကို ဖမ်းတာ မဟုတ်ဘူး။ စစ်ဆေးတာပါ" လို့ ပြောပါတယ်။
ဦးစီးအရာရှိရဲ့နေအိမ် ဓားပြတိုက်ခံရပြီး ရုံးနဲ့ပတ်သက်တဲ့ အရေးကြီး စာရွက်စာတမ်းတွေ ပါသွားတယ်လို့ ဝန်ကြီးဌာနဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၉ ရက်ညပိုင်းကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာနားက ကံလှကွက်သစ်မှာနေတဲ့ အလုပ်သမားရေးရာ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးရုံးက ညွှန်ကြားရေးမှူးရဲ့ ဇနီးကိုသတ်ပြီး ရွှေငွေလက်ဝတ်လက်စားတွေ ယူသွားခဲ့တာ ဖြစ်ခဲ့ဖူးပါတယ်။