ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ ရပ်ကွက် ပဲခူးမြစ်လမ်းနဲ့ရတနာလမ်းထောင့်မှာ ဒီနေ့ မနက်ကိုးနာရီဝန်းကျင်က မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံးကို တွေ့ရှိခဲ့ပြီး စစ်တပ်နဲ့ရဲတွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပဲခူးမြစ်လမ်းနဲ့ရတနာလမ်းဆုံရှိ လမ်းဘေးတနေရာမှာ မသင်္ကာဖွယ်ကော်ပိုက်လုံးနှစ်လုံးကို ကီးပတ်ဖုန်းနဲ့ချိတ်ဆက်ထားတာကို တွေ့ရလို့ အုပ်ချုပ်ရေးကိုအကြောင်းကြားခဲ့ရာမှ စစ်တပ်က လာရောက်စစ်ဆေးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗုံးပေါက်တာမပေါက်ဘူး၊ စစ်တပ်က လက်လုပ်ဗုံးနှစ်လုံးတွေ့လို့ ဖောက်ခွဲတာ လမ်းသွားလမ်းလာတယောက်က အကြောင်းကြားလိုက်တာ။"
စစ်ကောင်စီတပ်နဲ့ရဲတွေဟာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၂ လုံးကို ဖောက်ခွဲခဲ့ပြီးနောက် ၆၀ ရပ်ကွက်အတွင်းရှိ လမ်းအချို့ စစ်ဆေးခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အုပ်ချုပ်ရေးမှူးရုံး အပစ်ခံထားရတဲ့ ရပ်ကွက်ဆိုတော့ ပိုပြီးစစ်တယ်၊ ရွှေလီလမ်းဘက်မှာလည်း စစ်တယ်။"
စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ၆၀ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို လူဝင်လူထွက်နဲ့ ထူးခြားမှုရှိပါက သတင်းပေးပို့ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ညကလည်း ၆၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။