Home
မြန်မာသတင်း
အာဏာသိမ်းကာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၁၅၀ ကျော်တိုးလာ
DVB
·
July 16, 2023
361355578_663201422504904_265693436364937189_n

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်း ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီအသစ် ၁၅၀ ကျော် တိုးမြင့်လာတယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

ဇူလိုင် ၁၄ ရက်အထိ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီပေါင်း ၄၅၅ ခုရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး စစ်အာဏာသိမ်းမူမတိုင်ခင်က အေဂျင်စီ ၃၀၀ လောက်သာရှိခဲ့တာဖြစ်ပါတယ်။

အခုလို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ အဆမတန်တိုးလာတာဟာ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး ပြည်ပကို သွားရောက်လုပ်ကိုင်လိုသူများလာခြင်းရဲ့ အကျိုးဆက်ဖြစ်တယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

အမည်မဖော်လိုတဲ့ အေဂျင်စီလုပ်ငန်းရှင်တဦးက "အသစ်ဝင်လာတဲ့ အေဂျင်စီတွေဆို ဘယ်သူတွေလုပ်နေမှန်းတောင်မသိဘူး။ တခါမှ ဒီလောက်ကြီးတလုံး၊ တခဲ အသစ်ဖွင့်လုပ်ကြတာမျိုးမရှိခဲ့ဘူး။ အခုက အရမ်းကိုဖောင်းပွနေတာ" လို့ ပြောပါတယ်။

အသစ်ဖွင့်လှစ်လုပ်ကိုင်လာကြတဲ့ အေဂျင်စီတွေထဲမှာ အရင်က ပွဲစားအဖြစ်နဲ့လုပ်ခဲ့သူတွေပါပြီး အခုကာလမှာ လိုင်စင်ကြေးနဲ့ အာမခံကြေးတွေပေးသွင်းပြီး အေဂျင်စီလောကထဲ ဝင်ရောက်လာကြတာလို့လည်း အဲဒီလုပ်ငန်းနဲ့အကျွမ်းဝင်သူတွေက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တဦးက "အေဂျင်စီတွေများလာတာနဲ့ အမျှ သက်ဆိုင်သူတွေအနေနဲ့ ကြပ်မက်ဖို့ တာဝန်တော့ ပိုလုပ်သင့်တာပေါ့။ အမှန်တကယ်လုပ်မယ့်သူတွေ ပါသလို တရားဝင်လိုင်စင်နာမည်ယူပြီး လိမ်လည်တာတွေ မဖြစ်လာဘူးလို့ မပြောနိုင်ဘူး" လို့ ပြောပါတယ်။

အခုလို အေဂျင်စီအသစ်တွေ အလုံးအရင်းနဲ့ လုပ်ကိုင်လာကြပေမယ့် ပြည်ပအလုပ်အကိုင်စျေးကွက်က ထင်သလောက်ကောင်းတဲ့ အနေအထားမရှိသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာ ပြည်ပကိုသွားရောက်လိုသူတွေသာ အဆမတန်များနေပြီး တဘက်နိုင်ငံတွေက လုပ်သားခေါ်ယူမှုက နည်းနေသေးတယ်လို့ လက်ရှိအေဂျင်စီလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံ ၉ ခုဆီ အေဂျင်စီတွေကတဆင့်  အလုပ်သမားစေလွှတ်ခွင့်ပေးထားပြီး လက်ရှိ ပြည်ပမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၃ သန်းနီးပါးရှိတယ်လို့ အလုပ်သမားရေးရာမှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024