ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံတွေအကြားမှာ ပေါင်းကူးဆက်သွယ်ပေးနိုင်တယ်ဆိုတာ ပြသချင်လို့ဖြစ်တယ်လို့ ထိုင်းနိုင်ငံရေးပညာရှင်တဦးက သုံးသပ်ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းဒွန်းပရမတ် ဝိနိုင်းဟာ နေပြည်တော်မှာ အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘာသာဌာန ကထိက ဒေါက်တာ ဆီရာဒါ ခေမာနိထာထိုင်းက ဒီဗွီဘီနဲ့ သီးသန့်အင်တာဗျူးမှာ သုံးသပ်ပြောဆိုခဲ့တာပါ။
ဒေါက်တာ ဆီရာဒါ ခေမာနိထာထိုင်းက “ ဒီလိုသွားတွေ့တာ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာတော့ ကျမ သေသေချာချာမသိဘူး။ ဒါပေမဲ့ ကျမတို့ မြင်ရတာတော့ နိုင်ငံခြားရေးဝန်ကြီးနဲ့ သူ့ရဲ့ရုံးတာဝန်တွေက မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အစိုးရသစ်က သိပ်မကြာခင်တာဝန်လွှဲပြောင်းယူတော့မှာဆိုတော့လေ။ ဒါကြောင့် ကျမထင်တယ် ဝန်ကြီးကိုယ်တိုင် တခုခုလုပ်ဖို့ နောက်ဆုံးအခွင့်အရေးပဲ။ သူ့အနေနဲ့ မြန်မာစစ်တပ်အပေါ်မှာ ဩဇာလွှမ်းမိုးမှု တချို့ရှိတယ်ဆိုတာ နိုင်ငံတကာအသိုက်အဝန်းကို ပြဖို့လို့ ထင်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့တာဝန်ဖြစ်တယ်၊ ထိုင်းနိုင်ငံကသာ မြန်မာနဲ့ ကမ္ဘာအကြားမှာ ပေါင်းကူးပေးတဲ့ သူဖြစ်နိုင်တယ်ဆိုတာ နိုင်ငံတကာအသိုက်အဝန်းကို သူပြသချင်တယ်။ ထိုင်းတွေကိုရော အာဆီယံကိုရောပေါ့။ ဒါကြောင့် ဒီအကြောင်းကို သူသက်သေပြချင်တယ်၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီအနေအထားကို ကမ္ဘာကို ပြချင်တယ်”လို့ပြောပါတယ်။
ဒီတွေ့ဆုံမှုရဲ့ နောက်ကွယ်မှာ လျှို့ဝှက်သဘောတူညီချက်တွေ ဘာရှိတယ်။ ဘာအကြောင်းအရာတွေ ဆွေးနွေးတယ်ဆိုတာသေချာမသိပေမဲ့ ထိုင်းအစိုးရဟာ သံတမန်ရေးအရ ကြားဝင်ဆောင်ရွက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အကူအညီဖြစ်စေမယ်လို့ ယူဆနေတယ်လို့လည်း ဒေါက်တာ ဆီရာဒါ ခေမာနိထာထိုင်းက ပြောပါတယ်။
“ကျမသေချာ ပြောနိုင်တာကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ကမ္ဘာ့အကြား ပေါင်းကူးတံတားဖြစ်ချင်တယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ သံခင်းတမန်းခင်းဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အကူအညီဖြစ်စေမယ်လို့ သူတို့ထင်နေတယ်။ ဒါဟာ သူတို့ အစိုးရအပေါ် ထိပ်ပိုင်းကနေ အောက်ကိုမြင်တဲ့ ရှု့ထောင့်အမြင်ပေါ့ စစ်ကောင်စီဟာ တရားဝင်အစိုးရဖြစ်တယ်ဆိုပြီးတော့။ ဒါက အထက်ကနေ အောက်ကိုရှုထောင့်တခုတည်းကနေကြည့်တာပေါ့။ ထိုင်းစစ်တပ်နဲ့ မြန်မာတပ်မတော်အကြား ဆက်ဆံရေးကိုလည်း ထိန်းထားချင်တယ်လို့ ထင်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေနဲ့ သူတခုခုလုပ်ချင်နေတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ မတူကွဲပြားတဲ့ဘက်အသီးသီးနဲ့ တစိတ်တပိုင်း စေ့စပ်ညှိနှိုင်းပေးပြီး တွေ့ဆုံဆွေးနွေးစေချင်တယ်။ ဒါပေမဲ့ ကျမထင်တယ် သူတို့ နားလည်ထားတာက မြန်မာနိုင်ငံရေး ဆက်စပ်စဉ်းစားရမှာက စစ်ကောင်စီနဲ့ အန်ယူဂျီ ဒါမှမဟုတ် တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒါကိုပဲ အဓိက အာရုံစိုက်နေတယ်။ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်း၊ ငြိမ်းချမ်းရေးရဖို့ နည်းလမ်းက ဒီနှစ်ဖက်စလုံး အပေးအယူ အလျှော့အတင်းလုပ်ပြီး ဆွေးနွေးရင်ရမယ်လို့ သူတို့ထင်နေတယ်။ ဒါပေမဲ့ ဒါဟာ မမှန်ကန်ဘူး မဟုတ်လား၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအင်အားစုတွေက အများကြီး ပြီးတော့ ရှုပ်ထွေးမှုတွေကလည်း အများကြီးရှိနေပါတယ်။”
ထိုင်းအစိုးရဟာ အာဆီယံဝန်ကြီးတွေ ဝေဖန်ကန့်ကွက်နေတဲ့ကြားက မြန်မာ့အရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွေကို ဘန်ကောက်မှာတကြိမ် ပတ္တရားမှာ တကြိမ် နှစ်ကြိမ် ကျင်းပခဲ့ပြီး မြန်မာအာဏာသိမ်းစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေက နိုင်ငံခြားရေးအဆင့်မြင့် သံတမန်တွေကို ဖိတ်ခေါ် ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးလည်း ဒေါက်တာ ဆီရာဒါ ခေမာနိထာထိုင်းက “ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းအိမ်စောင့်အစိုးရက မတူကွဲပြားခြားနားမှု တခုခုလုပ်ဖို့၊ ဆွေးနွေးတိုင်ပင်ညှိနှိုင်းဖို့ တာဝန်သူတို့မှာရှိတယ်၊ သူတို့မှာ အလားလာရှိတယ်ဆိုပြီးတော့လေ အတော်လေးကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲတွေကနေ တိကျခိုင်မာတဲ့ ရလဒ်၊ အကျိုးဆက်တွေ မမြင်ရပါဘူး။ သူတို့ လျှို့ဝှက်ထားတာ။ နောက်ကွယ်မှာ ဘာတွေဖြစ်နေသလဲ ကျမတို့မသိရပါဘူး။ အလွတ်သဘောဆွေးနွေးပွဲ၊ နောက်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက Track 1.5 ဆွေးနွေးပွဲကို ဖန်တီးခဲ့တယ်၊ သူတို့ စစ်ကောင်စီကို ဘယ်လိုဝင်လို့ရတယ်ဆိုတာ သူတို့ ကမ္ဘာကို ပြသချင်တယ်” လို့ ပြောပါတယ်။
ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းဒွန်းပရမတ် ဝိနိုင်းဟာ နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇူလိုင် ၉ ရက်နေ့က တွေ့ဆုံခဲ့တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး ကောင်းမွန်တဲ့တွေ့ဆုံမှုတခုဖြစ်ခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွေပြန်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အားပေးတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
ဒီတွေ့ဆုံမှုဟာ ဒီမိုကရေစီနည်းကျ ပြည်သူတွေရွေးကောက်တင်မြောက်ထားတဲ့ အစိုးရထံကနေ စစ်တပ်အာဏာသိမ်းပြီး ကတည်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ နိုင်ငံခြားအစိုးရ အဆင့်မြင့်တာဝန်ရှိသူတဦးတို့အ အကြားပထမဆုံး အတည်ပြုနိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး နိုင်းဒွန်းပရမတ် ဝိနိုင်းဟာ အာဆီယံအစည်းအဝေးမတိုင်ခင် အချိန်ကိုက်ပြီး မြန်မာနိုင်ငံကို တိုးတိုးတိတ်တိတ် သွားရောက်ခဲ့တာဖြစ်ပြီး ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ မြန်မာအာဏာသိမ်း စစ်ကောင်စီဘက်ကလည်း အတည်ပြုပြောကြားထားပါတယ်။