၂၀၂၁ ခုနှစ် အာဏာလုမယူချိန်ထိ မြန်မာနိုင်ငံမှာ မအိုဆေးလို့ လူတွေက တင်စား ပြောဆိုရတဲ့အရာ နှစ်မျိုးရှိခဲ့ပါတယ်။ ပထမ မအိုဆေးကတော့ စစ်အာဏာရှင် နေဝင်းလက်ထက်မှာ စပေါ်လာတဲ့ ဟီးရိုးအင်း နံပါတ် ၄ (ဖိုး) လို့ခေါ်တဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေး ယာဘ WY စတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ပါတယ်။ နေဝင်းလက်ပါးစေ စစ်ထောက်လှမ်းရေး ခင်ညွန့်ဆို ဖိုးခင်ညွန့်လို့ နာမည်ဆိုးတွင်ရလောက်အောင် ဘိန်းရာဇာ လော်စစ်ဟန်တို့ ခွန်ဆာတို့နဲ့ နီးကပ်ရင်းနှီးစွာ ဆက်ဆံ အမြတ်ထုတ်ခဲ့ဖူးပါတယ်။
စစ်အာဏာရှင်တွေဟာ စာရေးသူတို့ အသက် ၂၀ ဝန်းကျင်အရွယ်မှာ လူငယ်တွေကြား ခေတ်စားလာအောင် ဘိန်းဖြူနဲ့ မူးယစ်ဆေးတွေ အလွယ်တကူ ရောင်းဝယ် ဖောက်ကားနိုင်အောင် ထိထိရောက်ရောက် မနှိမ်နင်းဘဲ အယောင်ပြသာ ဖမ်းဆီးပြခဲ့ကြတာပါ။ တက္ကသိုလ်တွေနားက ကွမ်းယာဆိုင်တွေမှာ မူးယစ်ဆေးဝါးတွေ အလွယ်တကူရအောင် တရားဝင်နီးနီး ခွင့်ပြုခဲ့တာမို့ လူငယ်တွေ အများအပြား ဘိန်းဖြူနဲ့ မူးယစ်ဆေးစွဲပြီး အရွယ်မအိုခင် သက်တမ်းပြည့်မနေရဘဲ အသက်သေဆုံးကြရတာမို့ မအိုဆေးလို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကြမ်းပိုးနေဝင်းနဲ့ နောက်တော်ပါ စစ်မိစ္ဆာအုပ်စုဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ လက်နက်ကိုင်တပ်တွေ ပိုင်ဆိုင်ထားတဲ့ ဘိန်းဘုရင်တွေ မူးယစ်ရာဇာတွေနဲ့ ငြိမ်းချမ်းရေးယူပြီး နိုင်ငံအတွင်းနဲ့ နယ်စပ်မှာ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ခွင့်၊ ဖြန်ချခွင့်တွေ ပေးအပ်ခဲ့တာဟာ လူငယ်တွေ မူးယစ်ဆေးစွဲပျက်စီးပြီး နိုင်ငံရေးမလုပ်ဖို့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။
ဘိန်းရာဇာ ဘိန်းဘုရင်တွေ ဘိန်းလုပ်ငန်းကရလာတဲ့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ငွေမည်း ငွေဆိုးတွေကို တရားဝင်ငွေဖြူဖြစ်အောင် အသိအမှတ်ပြုပြီး ဘဏ်လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုရင်း အကျိုးအမြတ်တွေ မျှဝေခံစားရင်း တိုင်းပြည်စီးပွားရေးကို နင်းချေဖျက်ဆီးခဲ့ကြပါတယ်။
ဒုတိယ မအိုဆေးကတော့ အများသိပြီးသားဖြစ်တဲ့ အန္တရာယ်မကင်းစွာ ထုတ်လုပ်ထားတဲ့ ချက်အရက်တွေ ဖြစ်ပါတယ်။ အဲ့ဒီချက်အရက်တွေကို စွဲပြီး သောက်သုံးကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေ အပါအဝင် မြန်မာနိုင်ငံသားတွေဟာ အသက် ၄၀ ကျော် ၅ဝ လောက်ဆိုရင်ကို အသက်သေဆုံးကြရပါတယ်။ အိုမင်းအောင်မနေရဘဲ အရွယ်မတိုင်ခင်မှာ ဘဝဆုံးကြရတာမို့ ချက်အရက်တွေ သောက်သုံးနေတဲ့သူတွေကို မအိုဆေးသောက်သူတွေလို့ တင်စား ဆုံးမကြရတာ ဖြစ်ပါတယ်။ အရက်ဖြတ်ရင်ဖြတ် မဖြတ်ရင် စောစောစီးစီး အသက်သေဆုံးရမှာကို သတိပေးခဲ့ကြရပါတယ်။
အာဏာရှင်စနစ်ဆိုးဒဏ်ကြောင့် တိုင်းပြည်စီးပွားရေးဟာ ချွတ်ခြုံကျသွားရတာမို့ အလုပ်အကိုင်တွေ ရှားပါး၊ နိုင်ငံသားတွေမှာ ဝင်ငွေတွေ နည်းပါးခဲ့ရပေမဲ့ ချက်အရက်တွေ ဈေးပေါနေပြီး ဥပဒေဘက်တောသားတွေ ကိုယ်တိုင် လာဘ်ပေးလာဘ်ယူ ခြစားမှုတွေနဲ့ အရက်ပုန်းတွေကို မနှိမ်နင်းဘဲ ခွင့်ပြုထားခဲ့ကြပါတယ်။ ဝင်ငွေနည်း၊ စိတ်ဓာတ်ကျနေတဲ့ လူကြီး လူငယ် လူလတ်တွေဟာ အာဟာရရှိတဲ့ အစားအစားတွေ ဝယ်စားရမယ့်အစား ရှိတဲ့ငွေလေးနဲ့ မုန့်ဟင်းခါးတပွဲထက် ဈေးပေါတဲ့ ချက်အရက်တပိုင်းကို မနက်စာအဖြစ် သောက်သုံးရင်း အသက်တိုတိုနဲ့ ဘဝဆုံးကြရတာ ဖြစ်ပါတယ်။
တိုင်းပြည်အပေါ် စေတနာရှိတဲ့ အစိုးရဆိုရင် ဒီလိုအဖြစ်မခံပါဘူး။ စစ်အာဏာရှင်ဆိုတာ နိုင်ငံတော်နဲ့ ပြည်သူအပေါ် လုံးလုံးစေတနာမရှိတာမို့ ဒီလိုအဖြစ်ဆိုးတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကို တားဆီးလိုတဲ့စိတ်လည်း မရှိသလို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးလာအောင် စီမံအုပ်ချုပ်နိုင်တဲ့ စွမ်းရည်လည်း မရှိဘဲ သေနတ်အားကိုးနဲ့ အာဏာကိုလုယူပြီး သူတို့ ချမ်းသာကြီးပွားဖို့၊ အခွင့်ထူးဆက်ခံနိုင်ဖို့ နိုင်ငံကို သိသိကြီးနဲ့ ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။
အပေါ်မှာရေးပြခဲ့တဲ့ ပထမ မအိုဆေးနဲ့ ဒုတိယ မအိုဆေး ၂ မျိုးဟာ ပြည်သူလူထု အင်အားချည့်နဲ့အောင်၊ သူတို့အုပ်ချုပ်ဖို့ လွယ်အောင် ရည်ရွယ်ပြီး စစ်အာဏာရှင်တွေကိုယ်တိုင် ဖန်တီးမွေးမြူခဲ့ကြတဲ့ မအိုဆေးတွေ ဖြစ်ကြတာမို့ တိုင်းရင်းသား မိဘပြည်သူတွေ လူငယ်လူရွယ်တွေ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်၊ ချက်အရက်ပုန်းတွေရဲ့ ကျေးကျွန် ဖြစ်ခဲ့ရပြီး အသက်များစွာ ဘဝများစွာ ဆုံးရှုံးပျက်စီး ဒုက္ခရောက်ခဲ့ကြရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှာ သမိုင်းအလှည့်အပြောင်းဖြစ်ပြီး ပေါ်ပေါက်လာတဲ့ တတိယမြောက် မအိုဆေးကတော့ မင်းအောင်လှိုင် ခါးပိုက်ဆောင်တပ် ကိုယ်တိုင် ဖြစ်သွားခဲ့ရတာပါပဲ။ ကျေးဇူးရှင် မိဘပြည်သူတွေကို ပြစ်မှားစော်ကားလွန်းမက စော်ကားတဲ့ စစ်ဘီလူးဓားပြဟာ ပြည်သူ့ခုခံတော်လှန်စစ် စတင်ခဲ့တဲ့ ၂ နှစ်တာကာလ အတွင်းမှာ သမိုင်းမှာ မကြုံဘူးလောက်အောင် သေကျေပျက်စီးလို့ တပ်ရင်းအလိုက် ပြုတ်ပြုတ်ပြုန်းနေရပြီ ဖြစ်ပါတယ်။
မင်းအောင်လှိုင် သမ္မတရူးတာကို အလုပ်အကျွေးပြုဖို့ စစ်ဗိုလ်စစ်သားတွေဟာ ပြည်သူနဲ့ စစ်ခင်းနေရတာမို့ တနိုင်ငံလုံး အနှံ့အပြားမှာ ဝိုင်းတိုက်တာကို ခံနေကြရကြောင်း နားခွင့်တောင် မရကြဘဲ လက်ထပ်ပြီး လပိုင်းနဲ့လည်း တိုက်ပွဲကျလို့ သေရတာရှိသလို ရာထူးတိုးပြီးစ တပ်ရင်းမှူးဖြစ်ခါစလည်း သေနေကြရပါတယ်။ အသုံးချခံ အောက်ခြေက စစ်ဗိုလ်စစ်သားတွေဟာ အသက်ငယ်ငယ်နဲ့ အိုအောင်ထိ မနေရဘဲ နေ့စဥ်နဲ့အမျှ သေနေကြပြီ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံမှာ အများပြည်သူ ပြောစမှတ်ပြုရတဲ့ မအိုဆေး ၃ မျိုးရှိပါတယ်။
ဘိန်းဖြူ မူးယစ်ဆေးဝါးဟာ စစ်အာဏာရှင် နေဝင်းလက်ထက်မှာ စစ်အုပ်စုကဖန်တီးလို့ ပေါ်ထွန်းလာတဲ့ ပထမ မအိုဆေးဖြစ်ပြီး လူငယ်လူရွယ်အများအပြား သေကျေပျက်စီးခဲ့ကြရပါတယ်။ အစိတ်သားတောင် မချန်နဲ့ဆိုတဲ့ စစ်အာဏာရှင် သန်းရွှေတို့ လက်ထက် နာမည်ကြီးလာတဲ့ ဒုတိယ မအိုဆေးအဖြစ် လူပြောများတဲ့ ချက်အရက်တွေကြောင့်လည်း ပြည်သူလူထုထဲက လူကြီး လူလတ် အတော်များများ အရွယ်မတိုင်ခင် ဆုံးပါးခဲ့ကြရပါတယ်။
အခုနောက်ဆုံး သမိုင်းအတုံ့အလှည့်အရ မိဘပြည်သူကျိန်စာသင့်လာတဲ့ မင်းအောင်လှိုင် အသုံးချခံ လက်ပါးစေ ဓားပြတပ်ဟာ တိုင်းရင်းသားအများပြည်သူတွေ ဝိုင်းရံလက်တွဲ ချေမှုန်းတာကို ခံရတာမို့ တနှစ်ကျော်ကျော်ကာလ အတွင်းမှာပဲ ၁ သောင်းခွဲနီးပါး ကျဆုံး အသက်ပျောက်ရသလို ထိခိုက်ဒဏ်ရာရလို့ ခြေပြတ်လက်ပြတ်တွေလည်း မရေနိုင်တော့ပါဘူး။
ဒါကြောင့် သန်း ၅၀ ကျော် ပြည်သူနဲ့ စစ်ဖြစ်နေရတာမို့ ရှေ့လျှောက် စစ်ဓားပြတပ်ဟာ အရှုံးနဲ့သာ ရင်ဆိုင်ရင်း ထွက်ပေါက်ပိတ်နေတဲ့ တတိယမြောက်မအိုဆေး ဖြစ်လာခဲ့ပါပြီ။ အရွယ်မတိုင်ခင် အသက်မပျောက်ချင်တဲ့ စစ်ဗိုလ်စစ်သားတွေ၊ စစ်တပ်ကို အခွင့်ထူးခံခွင့်လေး အနည်းအကျဥ်းနဲ့ အူကြောင်ကျား ဘာမသိ ညာမသိိ ထောက်ခံနေသူတွေ အနေနဲ့ မိမိကိုယ်ကို အသက်ရှည်ရှည် နေချင်သေးရင်တော့ မန်းတောင်ရိပ်ခိုစရာတောင် မလိုပါဘူး။ မအိုဆေး ဖြစ်လာတဲ့ မင်းအောင်လှိုင် ခါးပိုက်ဆောင်တပ်ကို အမြန်ဆုံးစွန့်ခွာလို့ ကျောခိုင်းလိုက်မှသာ မိမိနဲ့ မိမိ မိသားစုရဲ့အသက် ဘဝတွေကို တန်ဖိုးထားရာ၊ ကယ်တင်ရာ ရောက်နိုင်မှာ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်