ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ မနေ့က အိမ်တအိမ်ကို ဓားပြဝင်တိုက်ခံရပြီး အိမ်ရှင်နဲ့ ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
နန့်စီအောင်ကျေးရွာမှာ ဇူလိုင် ၁၄ ရက် မနေ့က နေ့လယ်ပိုင်းက ဓားရှည်ကိုင်ဆောင်ထားတဲ့ အသက် ၂၀ ကျော် လူငယ်အမျိုးသားတယောက်ဟာ အိမ်တအိမ်ထဲကို ဝင်ရောက်ပြီး ဓားပြတိုက်ခဲ့တဲ့အတွက် အိမ်ရှင် အပါအဝင် အနီးအနားက ခုခံဖမ်းဆီးလိုက်တာလို့ ဒေသခံတယောက်က ပြောပါတယ်။
"ဓားရှည်တချောင်းကိုင်ပြီး အိမ်ထဲ ဝင်တယ်။ အိမ်ရှင်ကို ဓားနဲ့လည်ပင်းကိုထောက်ပြီး ပိုက်ဆံတွေထုတ်ခိုင်းတယ်။ အိမ်ရှင်ကလည်း ပြန်ခုခံတယ်။ အသံတွေကြားတော့ အနီးပတ်ဝန်းကျင်က လူတွေရောက်လာပြီး ဝိုင်းဝန်းခုခံ ဖမ်းဆီးလိုက်ရတယ်” လို့ ပြောပါတယ်။
ဓားရှည်ကိုင်ဆောင်ပြီး ဓားပြဝင်တိုက်ခဲ့တဲ့ အမျိုးသားလူငယ်ဟာ ဆယ်မိုင်ကျေးရွာမှာ နေထိုင်တဲ့ ညီညီ ဆိုသူဖြစ်ပြီး ပြန်လည်ခုခံခဲ့တဲ့ အိမ်ရှင်လည်ပင်းမှာ ဓားပြတ်ရှဒဏ်ရာ ရသွားပြီး ဓားပြကိုတော့ မိုးညှင်းရဲစခန်းက လာခေါ်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း မိုးညှင်းမြို့လယ်က သမာဓိရွှေဆိုင်ကို သေနတ်ကိုင်ထားတဲ့ လူ ၆ ယောက်က ဝင်ရောက်ဓားပြတိုက်ခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိုးညှင်းမြို့နယ်မှာ စစ်ကောင်စီကို လိုင်းကြေးပေး ဖွင့်လှစ်တဲ့ တရားမဝင် လောင်းကစားဝိုင်းတွေ ပိုများလာခဲ့ပြီး မြို့နယ်အတွင်း ခိုးမှု၊ လုယက်မှုနဲ့ ဓားပြမှုတွေ မကြာခဏဖြစ်လာနေတာပါ။