ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ဈေးကြီးထဲက ဇွဲထက်ရွှေဆိုင်မှာ ဒီနေ့ ဇူလိုင် ၁၅ ရက် မနက် ၇ နာရီကျော်လောက်က မိုင်း ၁ လုံးပေါက်ကွဲပြီး လူ ၁၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မျက်မြင်တွေ့ရသူတွေက ပြောပါတယ်။
ရွှေဆိုင်က ဝန်ထမ်းတယောက်ရဲ့ မိတ်ဆွေက "လက်စွပ်ကောင်တာက ဝန်ထမ်းတွေ အကုန်ထိတယ်။ ... သွေးတွေ ရေလိုပဲ အရမ်းအိုင်နေတယ် အဲဒီမှာ။ ကျမထင်တာတော့ သေတာ ပါလိမ့်မယ်။ လူတော်တော်ထိသွားတယ်" လို့ ပြောပါတယ်။
ရွှေဆိုင်ရှေ့မှာ ပုံမှန်ဈေးရောင်းသူတွေ အများကြီးရှိပေမယ့် ပေါက်ကွဲတဲ့အချိန်က စောသေးတာကြောင့် ဈေးသည်တွေမရှိကြသေးဘူးလို့လည်း ဈေးသည်အမျိုးသမီး တယောက်က ပြောပါတယ်။
"ဟုတ်တယ်။ ဟို ဇွဲထက်ရွှေဆိုင်မှာ ဟုတ်တယ်။ ... ကျမတို့ဘက်တော့ ဘာမှ မဖြစ်ဘူး။ ကျမတို့တောင် ဆိုင်ခင်းနေတယ်" လို့ ပြောပါတယ်။
အရေးပေါ်ကားမှာ တင်သွားတာ ၁၅ ယောက်လောက် မြင်လိုက်ပြီး ကြောက်လန့်နေတာကြောင့် စာရင်းအတိအကျ မသိကြဘူးလို့ မျက်မြင်တွေက ပြောပါတယ်။
မိုင်းက ၁ လုံးပေါက်ကွဲသွားပြီး မပေါက်ကွဲသေးတဲ့ မိုင်း ၁ လုံးကိုလည်း ဖြုတ်နေတယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့်အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၆ ယောက်၊ စုစုပေါင်း ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက အမျိုးသား ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
နောက်ထပ် ဒေသခံအမျိုးသမီးတယောက်က “၈ ယောက်လောက်က အရမ်း အခြေအနေဆိုးတယ်လို့ ပြောတယ်။ အတိအကျတော့ မသိရသေးဘူး" လို့ ပြောပါတယ်။
ဘယ်သူတွေကလာရောက် မိုင်းထောင်ထားတာ မသိရပေမယ့် တမင်သက်သက် အဲဒီဆိုင်ကို မကျေနပ်သူတွေလုပ်သွားတာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
"ဒါက သက်သက် သူတို့ကို ချတာပါ။ သူတို့က လူမုန်းများတယ်။ တမင်သက်သက် သူတို့ကိုချတဲ့ ပုံစံ။ သူတို့ လာချတာတော့မှန်တယ်။ ဒါပေမယ့် လောလောဆယ်က သူတို့ ပိုင်ရှင်ကိုလုပ်တာ ဝန်ထမ်းတွေကိုပဲ ထိကုန်တယ်လေ"
ပြီးခဲ့တဲ့ ဇွန်လကလည်း ဖူလီလိုက် ဟိုတယ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမှာ မကြာခဏပေါက်ကွဲမှု ဖြစ်ပွားနေတာပါ။