ဖြူးမြို့နယ်၊ ဘုရားလဟာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် မနေ့က ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၂ ယောက်သေဆုံးခဲ့ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာလည်း စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရပါတယ်။
ဖြူးမြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက ဇူလိုင် ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်မှာ ဖြူးမြို့နယ် ပကဖ၊ Golden Brothers ပြောက်ကျားတပ်ဖွဲ့နဲ့ White Peacock ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖြူးမြို့နယ်၊ ဘုရားလဟာကျေးရွာမှာ တပ်စွဲထားပြီး ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်တပ်ကို ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အဲဒီမှာရှိနေတဲ့ စစ်ကောင်စီဘက်တော်သား တင်နောင်ထွန်းနဲ့ ဇော်နိုင်ဦးတို့ သေဆုံးပြီး နောက် ၂ ယောက် ဒဏ်ရာရခဲ့တယ် လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၁ ရက်နေ့ ညပိုင်းကလည်း ဖြူးမြို့နယ်၊ ကျီးရိုးကျေးရွာဓမ္မာရုံမှာ တပ်စွဲနေ အင်အား ၁၃၂ ယောက်ပါ နယ်လှည့်စစ်တပ်ကို ၆၀ မမ ဗုံးသီး တပ်ဆင်ထားတဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရွာသာအေးကျေးရွာနဲ့ ဝဲခမိကျေးရွာကြားက ဖားနှစ်ကောင်တောင်ကုန်းနားမှာ စစ်ကောင်စီကားတန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီယာဉ်တန်းမှာ စစ်သား ၅၀ လောက်ပါလာပြီး ပျံလွှားအထူးတပ်ဖွဲ့နဲ့ တောင်ညိုတပ်ခွဲ ၂၊ တပ်စု ၃ တို့ အတူပူးပေါင်း ခြုံခိုတိုက်ခိုက်ပြီးနောက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပျံလွှားအထူးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
သေဆုံးဒဏ်ရာရသူ ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျမသိရပေမယ့် စစ်ကောင်စီ တပ်သားတွေကို လူနာတင်ကားတွေနဲ့ လာရောက်သယ်ဆောင် သွားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒေသခံခရီးသွားတယောက်က "တိုက်ပွဲက ရေး သံဖြူဇရပ်ကားလမ်းမှာ ဖြစ်သွားခဲ့တယ်။ တိုက်ပွဲဖြစ်တဲ့အချိန် ဘယ်ကားမှမသွားရဲကြဘူး။ နာရီအတော်ကြာမှ ကားတွေက ပုံမှန်သွားလာကြတယ်။ ကားလမ်းမှာ ရေးမြောက်ပိုင်း PDF တွေက ကားတွေကို စစ်ဆေးနေတယ်” လို့ ပြောပါတယ်
မွန်ပြည်နယ်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးလမ်းကို KNU၊ PDF ပူးပေါင်းအဖွဲ့တွေက အပြည့်အဝ ထိန်းချုပ် ထားလိုက်ပြီးဖြစ်သလို ခရီးသွား ပြည်သူလူထုအနေနဲ့ စစ်ဆေးတာတွေကို ကြည်ကြည်ဖြူဖြူလက်ခံပေးဖို့ အသိပေးထားပါတယ်။