Home
မြန်မာသတင်း
PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့အစီအစဥ်မှ ကန်ဒေါ်လာ ၁၁ သန်းခန့်ရရှိ
DVB
·
July 14, 2023
PRF Htaut Pot

PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်ကနေ အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါး ထိ ရရှိခဲ့ပြီး အဲဒီထဲက ၉ သန်းကျော်ကိုတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း တွေအတွက် ထောက်ပံ့စရိတ်အဖြစ် အသုံးပြုခဲ့ပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက PRF နဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို ရှင်းလင်းထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီထဲက ၁ ဒသမ ၉ သန်းကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဒေသကာကွယ်ရေးအဖွဲ့ (LDF) တွေနဲ့ စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းတွေဆီ တိုက်ရိုက်ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

PRF အစီအစဥ်ကိုတော့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ်တခုအနေနဲ့ စစ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှာ စ တင်ခဲ့တာဖြစ်ကာ အခုနှစ် ဧပြီလကုန်အထိ ၁၇ လတာအတွင်း အမေရိကန်ဒေါ်လာ ၁၀.၉၃ သန်း လက်ခံရရှိအသုံးပြုနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီအစီအစဥ် စတင်ခဲ့ချိန်ကနေ ဒီကနေ့အထိ လစဥ်မပြတ် ထည့်ဝင်ပေးခဲ့တဲ့ ထောက်ပို့မိသားစုဝင်တွေ၊ နိုင်ငံအလိုက် Fundraiser တွေ၊ OFP အဖွဲ့ဝင်တွေကိုလည်း အထူးကျေးဇူးတင်ရှိ အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024