Home
မြန်မာသတင်း
မြိတ်မြို့တွင် ဆိုင်ကယ်များကို ဖမ်းဆီးပြီး ကျပ်ငွေသိန်းချီ ဒဏ်ရိုက်
DVB
·
July 14, 2023
358665639_246579208233846_8581186182318437810_n

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲနဲ့အဖွဲ့က  ဆိုင်ကယ်တွေကို နေ့တိုင်း စစ်ဆေးဖမ်းဆီးနေပြီး ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေထံကနေ  ဒဏ်ငွေ သိန်းနဲ့ချီ တောင်းယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြိတ်မြို့မှာ ဇွန်လ အစလောက်ကနေပြီး ယာဉ်ထိန်းရဲတွေ အပါအဝင် အရပ်ဝတ်လူတချို့နဲ့ ပျူစောထီးတွေက လူအသွားအလာများတဲ့ လမ်းမတွေအပြင် ရပ်ကွက်တွေက လမ်းကြိုလမ်းကြားတွေအထိပါ ဆိုင်ကယ်တွေ နေ့စဉ်ရက်ဆက် စစ်ဆေးဖမ်းဆီးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‌မြို့ခံပြည်သူတဦးက “ဖမ်းဆီးတာက နေရာစုံအောင်ကို ဖမ်းဆီးလာတာ။ ဘယ်နေရာမှ ရှောင်ပြေးမ‌ရအောင်ကို ဖမ်းနေတာပါ။ ဒီတော့ ဆိုင်ကယ်ယာဉ်မောင်းသမားတွေမှာ အလုပ်လုပ်မရဖြစ်တယ်။ အလုပ်ကိစ္စနဲ့ သွားလာတဲ့လူတွေမှာလည်း အချိန်တွေ ကြန့်ကြာနေရတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်ဖမ်းဆီးရာမှာ နောက်ကြည့်မှန်၊ ဆိုင်ကယ်ဦးထုပ်၊ နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်တို့လို အထောက်အထားမပါပါက အနည်းဆုံး ဒဏ်ငွေ ငါးသောင်းကနေ တသိန်းလောက်အထိ တောင်းယူနေတယ်လို့ ပြောပါတယ်။

ဒေသခံတဦးက “ဆိုင်ကယ်ဦးထုပ် မပါတာတို့ ဘာတို့ဆို ခုနှစ်သောင်းလောက်အထိ တောင်းတယ်။ ဒီထက် ပိုပြစ်ဒဏ်ကြီးတာဆို ငွေပိုတောင်းတယ်။ ဖမ်းတာက ယာဉ်ထိန်းရဲ နှစ်ယောက်လောက်နဲ့ အရပ်ဝတ် သေနတ်ကိုင်လူတွေ များတယ်။ ပျူစောထီးတွေပါလာပြီဆို တခုမဟုတ်တခု ပြစ်မှုရှာပြီး ဒဏ်ရိုက်တတ်တယ်” လို့ ပြောပါတယ်။

‌ဒါ့အပြင် လိုင်စင်မဲ့ဆိုင်ကယ်တွေနဲ့ ဆိုင်ကယ်တစီးကို အမျိုးသား နှစ်ယောက် မောင်းနှင်လာတာမျိုးတွေကို ဖမ်းဆီးမိပါက ဆိုက်ကယ်ကို အပြီးသိမ်းယူလိုက်တာမျိုး အထိပါ လုပ်နေတယ်လို့ ပြောပါတယ်။

မြိတ်မြို့မှာ အခုလိုတာဝန်အရ စည်းကမ်းမဲ့ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးနေပေမဲ့ နေ့စဉ်နဲ့အမျှ ဖမ်းဆီးပြီး ပြည်သူတွေဆီကနေ ငွေညှစ်တောင်းရမ်းနေကြတဲ့အတွက် မြို့ခံပြည်သူတွေမှာ အခက်အခဲတွေ့နေတယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024