ဥရောပသမဂ္ဂ (အီးယူ) က မြန်မာစစ်အာဏာရှင်တွေကို အသိအမှတ်မပြုဘူးလို့ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဖှ် ဘော်ရဲလ်က ဇူလိုင် ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးအတွက် အာဆီယံ ညှိနှိုင်းရေးမှူးတာဝန်ကို ထမ်းဆောင်ရတာမှာ မြန်မာနိုင်ငံရဲ့ အလားအလာနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရလို့ စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
“စစ်အာဏာရှင်အစိုးရကို အသိအမှတ်မပြုဘဲ ဒီပြဿနာကို ကျော်လွှားဖို့ အဖြေရှာတွေ့မယ်လို့ ယုံကြည်ပြီး ပြောကြားထားခဲ့သမျှ အားလုံးဟာ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒနဲ့ ပြောတာဖြစ်ကြောင်း” အီးယူအကြီးအကဲ ဘော်ရဲလ်က အီးယူနဲ့ အာဆီယံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲအတွင်းမှာ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ခေါင်းဆောင် သဘောတူညီထားခဲ့သလို ရန်လိုမှုတွေကို ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို စတင်ဖို့ သဘောတူညီချက်တွေကို မြန်မာစစ်အာဏာရှင်တွေက ငြင်းဆိုမှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား စိတ်ပျက်ပြီး စိတ်ရှည်သည်းခံမှု အားနည်းလာချိန်မှာ ဂျကာတာက အာဆီယံဝန်ကြီးများ အစည်းအဝေး ကျင်းပခဲ့တာပါ။
လူပေါင်း ၁ ဒသမ ၅ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ခန့်မှန်းထားတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် တခုတည်းသော သံတမန်ရေးရာ လုပ်ငန်းစဉ်ဖြစ်တဲ့ ‘အချက် ၅ ချက် သဘောတူညီမှု’ ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံအစုအဖွဲ့ဟာ သူ့ရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ စစ်အုပ်စုကို တက်ရောက်ခွင့် တားမြစ်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ ညီလာခံဥက္ကဋ္ဌ အွန်ရိကေး မာနာလိုက အာဆီယံနဲ့ အီးယူ အစုအဖွဲ့ ၂ ခုကြား ခိုင်မာတဲ့ ဆက်ဆံရေးအတွက် ယုံကြည်မှုကို အလေးပေး ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှမှာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) ကို အကောင်အထည်ဖော်မယ့် အစီအစဉ်နဲ့ အီးယူရဲ့ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးဟာ လာမယ့်နှစ်တွေမှာ တိုးတက်လာမှာဖြစ်ကြောင်း အကောင်းဘက်ကနေ မျှော်လင့်ထားပါတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာနာလိုက ပြောပါတယ်။
အင်ဒို-ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာကို အခြေခံတဲ့ အာဆီယံ ဗဟိုချုပ်ကိုင်မှုကို အသိအမှတ်ပြုပြီး အင်ဒို-ပစိဖိတ်ဒေသနဲ့ အီးယူရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အီးယူမဟာဗျူဟာကို ကြိုဆိုပါကြောင်းလည်း သူကဆိုပါတယ်။
Source - Reuters