ရုရှားစစ်တပ်ကို ပုန်ကန်ခဲ့တဲ့ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဟာ အချိန် နှစ်ပတ်ကျော် ကာလမှာတော့ ရုရှားရဲ့ တရားဝင်လက်နက်ကိုင်တပ်ဖွဲ့တွေဆီ လက်နက်လွှဲပြောင်းပေးအပ်မှုတွေ ပြီးစီးနေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကော့ဗ်က“အစီအစဉ်အရ ရုရှားစစ်တပ်ဟာ ဝဂ္ဂနာအုပ်စုဆီက လက်နက်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို သိမ်းယူမှု ပြီးစီးနေပြီဖြစ်ပြီး ရာနဲ့ချီတဲ့ လက်နက်ကြီးတွေ အပါအဝင် လက်နက်ခဲယမ်း ၂,၀၀၀ ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း” ပြောပါတယ်။
တင့်ကားတွေ၊ ဒုံးကျည်တွေနဲ့ တခြားလက်နက်ကြီးတွေကို ပြသထားတဲ့ ဗီဒီယိုနဲ့အတူ ကြေညာချက်ထဲမှာ ခဲယမ်းမီးကျောက် တန်ချိန် ၂,၅၀၀ ကျော်နဲ့ လက်နက်ငယ် ၂၀,၀၀၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဝဂ္ဂနာအုပ်စုက လွှဲပြောင်းပေးအပ်ခဲ့တဲ့ ဒါဇင်ပေါင်းများစွာသော လက်နက်ခဲယမ်းတွေကို တိုက်ပွဲတွေမှာ လုံးဝအသုံးမပြုရသေးဘူးလို့လည်း ဆိုပါတယ်။
ဒီလက်နက်လွှဲပြောင်းမှုဟာ ယူကရိန်းစစ်ပွဲအပေါ် ရုရှားကာကွယ်ရေးဦးစီးချုပ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကာလတိုပုန်ကန်မှုလုပ်ခဲ့တဲ့ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ယက်ဗ်ဂျေညီ ပရီေဂါ့ရှင်နဲ့ သမ္မတ ဗလာဒီမာပူတင်တို့ရဲ့ သဘောတူညီချက် နောက်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီသတင်းဟာ စစ်မှန်တယ်ဆိုရင် ယူကရိန်းမှာ ရုရှားရဲ့ အပြင်းထန်ဆုံးနဲ့ သွေးထွက်သံယို အများဆုံး တိုက်ပွဲတချို့ကို ဆင်နွှဲခဲ့ကြတဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ မူရင်းအဖွဲ့ ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့ဟာ အဲဒီတိုက်ပွဲစစ်ဆင်ရေးတွေကနေ နုတ်ထွက်လိုက်တဲ့ အခိုင်မာဆုံး လက္ခဏာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source - Reuters