အကျပ်အတည်းဒဏ်ခံနေရတဲ့ လက်ဘနွန်နိုင်ငံက နေ့ကလေးထိန်းကျောင်းမှာ ကလေးသူငယ်တွေကို နှိပ်စက်မှုစွဲချက် ပေါ်ထွက်ခဲ့တာပါ။
လေးနှစ်နီးပါး စီးပွားရေးပြိုလဲမှုတွေ ဘဝရဲ့ ကဏ္ဍပေါင်းစုံမှာ စိမ့်ဝင်နေတဲ့ လက်ဘနွန်နိုင်ငံမှာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သာယာရေးတို့အတွက် ထိတ်လန့်စရာ ဖြစ်လာပါတယ်။
လက်ဘနွန်မြို့တော် ဘေရွတ်မြို့အပြင်ဘက် ဂါဒရေ နေ့ကလေးထိန်းကျောင်းကနေ စိတ်ဆင်းရဲစရာ ဗီဒီယိုဖိုင်တခု မကြာသေးမီရက်ပိုင်းက ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့တာပါ။
ဝန်ထမ်းအမျိုးသမီးတဦးက ကလေးငယ်တွေကို ကျွေးမွေးချိန်မှာ ပါးစပ်ထဲ အစာကို အကြိမ်ကြိမ် အတင်းအကျပ် ရိုက်နှက်ထိုးထည့်ရင်း ကလေးတွေရဲ့ ခေါင်းနဲ့ မျက်နှာကို ရိုက်နှက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့လတွေအတွင်းက မိုဘိုင်းလ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် မိဘတွေဆီက အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ငါးလလောက်က ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာတော့ ခြောက်လအရွယ်ကလေးကို အကြမ်းဖက် နှိပ်စက်ထားခဲ့တဲ့အကြောင်း ဗိသုကာပညာရှင်တယောက်က ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒီအမှုတွေနဲ့ပတ်သက်တဲ့ လူ ၂ ဦးကို အမည်အပြည့်အစုံ မဖော်ပြဘဲ တနင်္လာနေ့ညမှာ ဖမ်းဆီးထိန်းသိမ်းထားပြီလို့ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့တွေက အွန်လိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရင်ခွင်ပိုက် ကလေးတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အမြန် စုံစမ်းစစ်ဆေးပြီးတဲ့နောက် နေ့ကလေးထိန်းဌာနကို ပိတ်သိမ်းလိုက်ပြီလို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့က အွန်လိုင်းကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
နှိပ်စက်တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးဟာ လက်ဘနွန် လုံခြုံရေးတပ်တွေရဲ့ ချုပ်နှောင်ဖမ်းဆီးတာ ခံထားရပြီး သတင်းဌာနက ဆက်သွယ်လို့ မရသေးပါဘူး။ သူ့အတွက် တရားရင်ဆိုင်မယ့် တရားဝင်ကိုယ်စားလှယ် ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း မသိရသေးပါဘူး။
အခုတော့ လက်ဘနွန် မိခင်တွေဟာ သူတို့ကလေးတွေကို နေ့ကလေးထိန်းဌာနမှာလည်း ထားရမှာ ကြောက်နေသလို သူတို့ရဲ့အလုပ်ကိုလည်း မစွန့်ခွာနိုင်ကြဘဲ ဖြစ်နေပါတယ်။
၂၀၁၉ ကစလို့ လက်ဘနွန်မှာ ဘဏ္ဍာရေးပြိုလဲခဲ့အပြီး ငွေတန်ဖိုး ၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ စုစုပေါင်း ပြည်တွင်းထုတ်ကုန် GDP လည်း ၄၀ ရာခိုင်နှန်း ကျဆင်းပြီး ငွေကြေးဖောင်းပွမှုကတော့ ရာဂဏန်းအထိ ထိုးတက်ခဲ့ပါတယ်။
Source - Reuters