ရှမ်းပြည်နယ်တောင်ပိုင်းမှာ သနပ်ဖက်တွေ ဈေးကောင်းရနေတယ်လို့ သနပ်ဖက် စိုက်ပျိုးသူ တောင်သူတွေထံက သိရပါတယ်။
သနပ်ဖက်ဟာ မြန်မာနိုင်ငံအတွင်း သောက်သုံးနေကြတဲ့ ဆေးပေါ့လိပ်ရဲ့ လိပ်ထားတဲ့ သစ်ရွက်ဖြစ်ပြီး ဇွန်လမှ စက်တင်ဘာလဟာ သနပ်ဖက်ရွက်တွေကို ခူးပြီး ပေါင်းရတဲ့ကာလ ဖြစ်ပါတယ်။
သနပ်ဖက်စိုက်တောင်သူ ခွန်မိုးတိမ်က “အခုချိန်ဆို စလှော်တာပေါ့နော်။ သီတင်းကျွတ်ထိပဲ လှော်ရတာပါ။ ဘာလို့လဲဆိုတော့ အောက်ခြေကနေခူးပြီး အထိပ်ထိ ခူးလို့ပြီးသွားရင် နားပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အရင်နှစ်က သနပ်ဖက်တပိဿာကို ၆,၀၀၀ ကျပ်သာရရှိပြီး အခုနှစ်မှာတော့ တပိဿာ ၁၀,၀၀၀ ကျော် ပေါက်စျေးရှိတယ်လို့ သိရပါတယ်။
တောင်ကြီးဘက်က ပွဲစားတွေ တောင်သူတွေရဲ့အိမ်အထိ သနပ်ဖက် လာဝယ်ယူကြပြီး တချို့က ပွဲစားအိမ်ထိ သွားရောင်းရင် စျေးနှိမ်တာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
သနပ်ဖက်ကို ပြည်ပကိုတင်မပို့ဘဲ ပြည်တွင်းမှာသာရောင်းချပြီး ရှမ်းပြည်တောင်ပိုင်း နမ့်စန်၊ ဟိုပုံး၊ ပင်လုံနဲ့ တောင်ကြီး စတဲ့မြို့တွေမှာ ထွက်ရှိပြီး ပအိုဝ်းတိုင်းရင်းသားတွေ အဓိက စိုက်ပျိုးပါတယ်။