ရွေးကောက်ပွဲအနိုင်ရ Future Forward Party ပါတီ ခေါင်းဆောင် ထိုင်းဝန်ကြီးချုပ်လောင်း ဖိထားလိုမ့်ကျရွန်းရတ်ကို လွှတ်တော်အမတ်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ ရွေးကောက် ပွဲကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးထံလျှောက်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်သစ်ကို မဲပေးရွေးချယ်ကြဖို့ ရှိနေချိန် Future Forward Party ပါတီ ခေါင်းဆောင် ဖိထားလိုမ့်ကျရွန်းရတ်ဟာ ဥပဒေနဲ့မညီညွတ်တဲ့ ITV မီဒီယာရှယ်ယာမှာ ပါဝင်ကြောင်း တိုင်တန်းချက်အထောက်အထားရထားလို့ ဒီအမှုစီရင်ဆဲကာလတွင်း ဖိထားကို လွှတ်တော် အမတ်တာဝန်ဝတ္တရားကနေ ဆိုင်းငံ့ထားဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံခုံရုံးမှာ လျှောက်ထားဖို့ ဆုံးဖြတ်ကြောင်း ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ထိုင်းရွေးကောက်ပွဲဥပဒေပုဒ်မ ၉၈ ( ၃ ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက် ထားမယ့်သူဟာ မီဒီယာလုပ်ငန်းတစ်ခုခုမှာ အစုရှယ်ယာပါဝင်ခွင့်မရှိ၊ ပုဒ်မ ၁၀၁ ( ၆ ) အရ မိမိသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် အချက်အလက်တွေနဲ့ ကိုက်ညီမှုမရှိဘဲ အဆိုပါရာထူးကို လျှောက်ထားခွင့်မရှိလို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်လောင်း ဖိထားက ITV မီဒီယာရှယ်ယာမှာ အစုရှယ်ယာ ၄၂၀၀၀ စု ထည့်ဝင်ထားပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ခဲ့တာကြောင့် လိုအပ်သလိုစစ်ဆေးပြီး တရားစီရင်ဖို့နဲ့ တရားစီရင်ဆဲကာလမှာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ဝတ္တရားတွေ ဆိုင်းငံ့ထားဖို့ လျှောက်ထားလိုက်တယ်လို့ ဆို ပါတယ်။
ဒါနဲ့ပတ်သက်ပြီး Future Forward Party ဘက်ကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ မျှတမှုမရှိတဲ့အကြောင်း၊ ကော်မရှင်အနေနဲ့ ခုံရုံးကို စာမပို့ခင် ကာယကံရှင်ကို အသိပေးအကြောင်းကြားရမှာဖြစ်သလို ဖိထားကိုလည်း ပြန်လည်ရှင်းပြခွင့်ပေးရမှာဖြစ်ပေမဲ့ အဆင့်ကျော်လုပ်ခဲ့လို့ ရွေးကောက်ပွဲကော်မရှင်ဟာ တာဝန်လစ်ဟင်းမှု ပုဒ်မ ၁၅၇ နဲ့ ညှိစွန်းတယ်လို့ ပြန်လည်ထုတ်ပြန် ချေပခဲ့ပါတယ်။
ခုံတရားသူကြီးတွေကတော့ ဒီကနေ့ ညနေပိုင်းမှာ ပုံမှန်အစည်းအဝေးကျင်းပနေပြီး ဖိထားရဲ့ ITV မီဒီယာရှယ်ယာအမှုကို ထည့်သွင်းဆွေးနွေးမယ်၊ မဆွေးနွေးဘူးဆိုတာကို အစည်းအဝေးပြီးမှ သိရမယ်လို့ ဆိုပါတယ်။
ITV အစုရှယ်ယာဟာ သူကိုယ်တိုင် ထည့်ဝင်တာမဟုတ်ဘဲ သူ့ဖခင်ရဲ့ ရှယ်ယာဖြစ်ပြီး ဖခင် ကွယ်လွန်သွားလို့ သားကြီးတယောက်အနေနဲ့ အမွေစီမံခန့်ခွဲသူအဖြစ်သာ ဆက်ခံကြောင်း၊ ဒါ့အပြင် ITV သတင်းမီဒီယာဌာနဟာ လွန်ခဲ့တဲ့ ၁၅ နှစ် ထိုင်းမှာ စစ်တပ် အာဏာသိမ်းတော့ ပိတ်သိမ်းခံခဲ့ရပြီးဖြစ်တယ်လို့ ဖိထားက သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
ITV ရှယ်ယာကိစ္စကို လွန်ခဲ့တဲ့ ၄ နှစ် ကျော် လွှတ်တော်အမတ်အဖြစ် အရွေးခံမယ့်အချိန်က ထိုင်းနိုင်ငံ လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံကိုလည်း အကြောင်းကြားပြီး ဖြစ်တယ်၊ သူ့အနေနဲ့ စည်းမျဉ်းဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခဲ့တယ်လို့ ထိမ်းဖိထားက ပြောပါတယ်။
ဖိထားဟာ ITV မှာ အစုရှယ်ယာ ပါဝင်ကြောင်း ဖလန်းပချားရတ်ပါတီအမတ်လောင်း နိုင်းလိန်းကလိုင်းလိကစ်ဝပ်ထနက တိုင်ကြားထားတဲ့ စာထဲမှာ ITV ကုမ္ပဏီရဲ့ ဒီနှစ်ဧပြီလ နှစ်ပတ်လည်အစည်းအဝေးမှာ သူတို့ကုမ္ပဏီဟာ မူလရည်ရွယ်ချက်အတိုင်း မီဒီယာအလုပ်တွေ လုပ်နေဆဲဆိုတဲ့အချက် ပါဝင်ပြီး ကုမ္ပဏီအမှုဆောင်ဒါရိုက်တာက လက်မှတ်ထိုးထားပါတယ်၊ ဒါ့အပြင် ဒီ ၂၀၂၃ ခုနှစ်ထဲမှာ ကြော်ငြာလုပ်ငန်းတွေ လက်ခံရိုက်ကူးနေပြီး ဝင်ငွေစာရင်းနဲ့အတူ တင်ပြထားပါတယ်။
ဒါပေမဲ့ ထိုင်း ချန်နယ်လ် ၃ သတင်းက ရထားတဲ့ အစည်းအဝေးမှာ ပြောဆိုနေကြတဲ့ အသံဖိုင်ထဲမှာတော့ သူတို့ကုမ္ပဏီဟာ အမှုရင်ဆိုင်နေရဆဲမို့ ဘာမီဒီယာလုပ်ငန်းတွေမှ ဆောင်ရွက်လို့ မရသေးတဲ့အကြောင်း ဖြေဆိုထားပါတယ်။
အသံဖိုင် နဲ့ စာရွက်ပေါ်က အချက်အလက်ဘယ်ဟာ အမှန်၊ ဘယ်ဟာ အမှားဆိုတာကို ITV စီအီးအိုအနေနဲ့ ဖြေကြားပေးဖို့ သတင်းထောက်တွေက ကြိုးစားဆက်သွယ်ပေမယ့် မရခဲ့ဘဲ ရက်အနည်းငယ်အကြာမှာ အစည်းအဝေးမှာ မေးခွန်းတွေများတာကြောင့် ခြုံငုံပြီး ရေးသားထားတာဖြစ်တယ်ဆိုတဲ့ မရှင်းမရှင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်၊ မရှင်းတာတွေ နောက်ထပ် သိလိုတာတွေ မေးမြန်းနိုင်ဖို့ သတင်းစာရှင်းလင်းပွဲလည်းမလုပ်၊ မီဒီယာတွေကိုလည်း ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူနဲ့ ပညာရှင်တွေကတော့ Future Forward Party ခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်မှာကို မလိုလား၊ အစိုးရဖြစ်လာမှာကို မလိုလားတဲ့ စစ်အာဏာရှင်ဘက်ယိမ်းတဲ့ အုပ်စုက သေနေတဲ့မီဒီယာကို အသက်ပြန်သွင်းပြီး ဥပဒေနဲ့ တွန်းချဖို့လုပ်နေတာလို့ သုံးသပ်ပြောပါတယ်။
ရွေးကောက်ပွဲစည်းကမ်းဥပဒေက လွှတ်တော်အမတ်တွေကို မီဒီယာမှာ ရှယ်ယာပါဝင်ခွင့် တားမြစ်ထားတာဟာ မီဒီယာသတင်းဌာနကို အသုံးချပြီး မိမိပါတီ အနိုင်ရအောင် မဲဆွယ်တာ၊ အသာစီးရတာတွေကို တားမြစ်ဖို့အတွက် ဖြစ်ပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် လူမှုကွန်ရက်တွေ မပေါ်သေးခင်ကဖြစ်ပြီး ဒီကနေ့ခေတ်မှာတော့ လူတိုင်းကိုယ်ပိုင်လူမှုကွန်ရက်မှာ ကိုယ်ပြောချင်တာကို လွတ်လပ်စွာ ပြောဆိုနေကြပြီ ဘယ်သူကမှ မီဒီယာနဲ့မကင်းတော့ဘူး၊ ဒါကြောင့် အဲဒီဥပဒေဟာ ကနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးလို့ ထမဆတ်တက္ကသိုလ် ဥပဒေဌာနမှူး အများပြည်သူဆိုင်ရာဥပဒေ နည်းပြ ဒေါက်တာ ပရင်းယား ထေဝါနရစ် မိတ်ကွန်းက တီဗွီအင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
ITV ကထုတ်ဝေတဲ့ သတင်းတွေဂျာနယ်တွေလည်း ဘယ်မှာမှ မရှိဘူး၊ ကြော်ငြာလုပ်ငန်းကလည်း ဒီနှစ်ရွေးကောက်ပွဲနီးမှ ပြန်လုပ်တယ်၊ ကြော်ငြာအပ်နှံသူကလည်း ပြင်ပမှာ ကြော်ငြာကုမ္ပဏီ အမြောက်အမြားရှိပါလျက်နဲ့ အမှုအခင်းဖြစ်နေတဲ့ အိုင်တီဗွီမှာမှ သွားအပ်တာဟာ ပုံမှန်မဟုတ်ဘူး၊ အကြံအစည်နဲ့ လုပ်နေတာ ထင် ရှားတယ်လို့လည်း သုံးသပ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဟာ ဖိထားရဲ့ ITV အမှုကို အေးအေးဆေးဆေး ကိုင်တွယ်လို့ ရပါလျက်နဲ့ ဝန်ကြီးချုပ် ရွေးချယ်မယ့်အချိန်နဲ့ အလွန်နီးကပ်မှ ဖွဲ့စည်းပုံခုံရုံးထံ လျှောက်ထားတာလည်း မေးခွန်းထုတ်စရာရှိကြောင်း ဒီကနေ့ ခေါဝ်ဆွတ်သတင်း အင်တာဗျူးမှာ ပြောပါတယ်။
ဇွန်လ ၁၄ ရက် ထိုင်းတနိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲမှာ အမတ်ဦးရေအများဆုံးနဲ့ အနိုင်ရတဲ့ Future Forward Party ဟာ ပုံမှန်ဆိုရင် ပါတီခေါင်းဆောင်က ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့နိုင်မှာဖြစ်ပေမဲ့ စစ်အာဏာရှင်အစိုးရက ရေးဆွဲခဲ့တဲ့ လွှတ်တော်ဥပဒေအရ စစ်တပ်က ရွေးချယ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ထံက ထောက်ခံမဲရဖို့ မသေချာလို့ ဝန်ကြီးချုပ်ဖြစ်ဖို့ မသေချာလှသလို အခုလို ITV ကိစ္စ၊ မြေကွက်ရောင်းထားတဲ့ငွေ အမှန်အတိုင်း မတင်ပြတဲ့ကိစ္စ၊ ကိုယ်ပိုင်စာအုပ် ရေးသားထုတ်ဝေတဲ့ကိစ္စ စတဲ့ အမှုတွေလည်း ပတ်လည်ဝိုင်းနေပါတယ်။
ကာယကံရှင် ဖိထားကတော့ ဒီလိုအခက်အခဲအဟန့်အတားတွေနဲ့ ရင်ဆိုင်ရမှာကို ကြိုတင်တွေးထားပြီးသား၊ အဲဒီတိုင်တောထားတဲ့ ကိစ္စတွေအကုန် ဥပဒေနဲ့ ညီညွတ်ကြောင်း အကုန်ရှင်းပြနိုင်တယ်၊ ITV ဗွီကိစ္စ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက သက်ဆိုင်ရာတွေကို တင်ပြပြီး ပြဿနာမရှိလို့ အမတ် ၄ နှစ်လုပ်ခဲ့ရတာလို့ မီဒီယာတွေကို ပြောပါတယ်။
အလားတူ ထိုင်းလူ့အခွင့်အရေးဆိုင်ရာရှေ့နေနဲ့ နိုင်ငံရေးလေ့လာသူတွေကလည်း ဖိထားဟာ ITV အမှုကနေ ကင်းလွတ်ရမယ်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။
အထက်လွှတ်တော်အမတ်တချို့ကတော့ Future Forward Party ရဲ့ ဘုရင့်နန်းတော်နဲ့သက် ဆိုင်တဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ခြင်းဥပဒေကို သဘောမတူတာကြောင့် ဖိထားဝန်ကြီးချုပ်ဖြစ်ရေး မဲမပေးနိုင်ဘူးလို့ ပြောဆိုနေကြပါတယ်။
အလားတူ ညွန့်ပေါင်း ၈ ပါတီအစိုးရထဲမပါတဲ့ ပါတီတွေကလည်း ပုဒ်မ ၁၁၂ ပြင်မယ့် ပါတီ ခေါင်းဆောင်ကို ဝန်ကြီးချုပ်ဖြစ်ဖို့ မဲပေးမှာမဟုတ်ဘူးလို့ ကြေညာာထားပါတယ်။
ဖိထားက အထက်လွှတ်တော်အမတ်ဖြစ်စေ၊ အောက်လွှတ်တော်အမတ်တွေဖြစ်စေ သူ့ကို မနှစ်သက်က သူ့လုပ်ရပ်တွေ စောင့်ကြည့်ဝေဖန်ပြီး ဖြုတ်ချနိုင်ကြောင်း၊ ဒါပေမဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးပေါ်ထွန်းဖို့ ပြည်သူအများစုရဲ့အသံတွေကို လေးစားဖို့၊ ပြည်သူ့မဲဆန္ဒအအများဆုံးရထားတဲ့ပါတီ အစိုးရဖွဲ့နိုင်ရေး ပံ့ပိုးဖို့ သူ့ရဲ့လူမှုကွန်ရက်ကနေ မေတ္တာရပ်ခံထားပါတယ်။
Future Forward ပါတီနဲ့ ဖိထားကို အားပေးထောက်ခံတဲ့သူတွေဟာ ဒီကနေ့ ညနေ ၄ မှ - ၆ နာရီ တွင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ပေါ် မိမိဒေသကနေ တပြိုင်နက်တည်း ကန့်ကွက်ဆန္ဒပြဖို့ လူမှုကွန်ရက်မှာ နှိုးဆော်တိုက်တွန်းနေကြပါတယ် ။ အဲဒီထဲမှာ ဘန်ကောက် ၊ ဥဘွန်းရာ့ချ်ဌာနီ ၊ ဆူရင်း ၊ ချင်းမိုင် ၊ လမ်းပွန်း ၊ နခွန်းရာ့ချ်ဆီမား စတဲ့ခရိုင်တွေ အဓိက ပါဝင်ပါတယ် ။
မနက်ဖန် ဇူလိုင်လ ၁၃ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ်သစ်ကို မဲခွဲ ဆုံးဖြတ်မှာဖြစ်ပြီး ဖိထားကို ထောက်ခံတဲ့ပြည်သူတွေ ထောင်နဲ့ချီ လွှတ်တော်ရှေ့မှာသွားရောက် အင်အားပြထောက်ခံဖို့လည်းရှိနေပါတယ်။
ထိုင်းအာဏာပိုင်တွေကလည်း လွှတ်တော်အနီးမှာ လူမဝင်ရ ကန့်သတ်ဇုန်နေရာတွေ သတ်မှတ်ထားပြီး ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀ ကျော်နဲ့ လုံခြုံရေးတွေ တင်းကျပ်ချထားဖို့ ပြန်ဆင်နေပါတယ်။
Photo-MFP
Ref: ThaiPBS/ NationOnline/ThaiPost