Home
မြန်မာသတင်း
မုန်းဒေသတွင် သွေးလွန်တုပ်ကွေးကြောင့် စစ်ရှောင်ကလေး သေဆုံးသူ ၁၀ ဦးထိရှိ
DVB
·
July 12, 2023
WarCictimsHealth12072023

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသဘက်က စစ်ဘေးရှောင်ကလေးတွေ သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီလို့ စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်ကူညီပေးနေသူတဦးက “မိုးရာသီကာလမှာ စစ်ရှောင်ကလေးတွေ သွေးလွန်တုပ်ကွေး အများဆုံးဖြစ်လာနေပြီး ပြည်တွင်းပြည်ပ အလှူရှင်ဘက်ကပေးတဲ့ ဆေးဝါးက မလုံလောက်ဘူး။ လူနာက များလာတော့ အရင်က ၃ ယောက်ပဲသေခဲ့တာ၊ ဆေးဝါးကမရှိတော့ သေဆုံးသူက များလာရတာ” လို့ ပြောပါတယ်။

ဒါ့အပြင် မိုးတွင်းကာလလည်းဖြစ်သလို တိုက်ပွဲက ထပ်မံပြင်းထန်လာတာကြောင့် သွားလာမရတော့ဘဲ တောထဲတောင်ထဲမှာ ဖြစ်သလို နေထိုင်စားသောက်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ကျေးရွာပေါင်း ၁၃၆ ရွာက ပြည်သူ ၄၀,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပြီး အရေးပေါ် စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆေးဝါးနဲ့ အမိုးကာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါအပြင် တခြား ဖျားနာရောဂါတွေလည်း ဖြစ်နေကြတယ်လို့  စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“အခု နေရပ်ကနေ မပြန်နိုင်တာ လတွေ ဘယ်လောက်ကြာနေရဦးမလဲ မသိဘူး။ အိမ်ပြန်ချင်ကြပေမဲ့ တိုက်ပွဲတွေကြောင့် အခုလို ကြုံတွေ့နေရတယ်။” 

ဒေသတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်လာနေတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၁၇ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024