သူပုန်တွေ သိမ်းပိုက်ထားတဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက လူပေါင်း ၄ သန်းဆီကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့အတွက် သက်တမ်းတိုးဖို့ ကိစ္စအပေါ် ရုရှားက ဗီတိုအာဏာသုံးဖို့ ဆုံးဖြတ်ချက်ဟာ လူမဆန်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လားက ဇူလိုင် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ၉ လကြာ ခွင့်ပြုချက်သက်တမ်းတိုးမှုကို ဗီတိုအာဏာနဲ့ ပယ်ချပြီးနောက် တူရကီက ကာလရှည်ကြာ လုပ်ငန်းလည်ပတ်မှုကို အဆုံးသတ်သွားပြီဖြစ်ကြောင်း အချက်ပြခဲ့တာပါ။
မစ်လားက “ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုအပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတွေနဲ့ မြေပြင်မှာလုပ်ဆောင်နေတဲ့ NGO အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေ ရှိနေပေမဲ့ ရုရှားက ဒီဆုံးဖြတ်ချက်ကို ပိတ်ပင်ခဲ့ပါတယ်” လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ရုရှားရဲ့လုပ်ရပ်ကြောင့် အလွန်စိတ်ပျက်မိကြောင်းနဲ့ အမေရိကန်အနေနဲ့တော့ ဆီးရီးယားပြည်သူတွေကို ဆက်လက်ပံ့ပိုး ကူညီသွားမှာဖြစ်ပြီး ဆီးရီးယားပြည်သူတွေအတွက် အရေးကြီးတဲ့ အသက်သွေးကြောကို လုံခြုံစေဖို့ ဆီးရီးယားကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့် ၁၂ လ သက်တမ်းတိုးခွင့်ပြုဖို့ ကောင်စီကို ထပ်မံတောင်းဆိုခဲ့ပါတယ်။
Source - Reuters