ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၉ နှစ်အကြာမှာ ဗိုလ်ချုပ်ကြီးဟောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ နိုင်ငံရေးက အနားယူကြောင်း ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာခဲ့ပြီး ယာယီသာ ဆက်လက်တာဝန်ယူမယ်လို့ ကတိပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ နောက်တက်မယ့် ဝန်ကြီးချုပ်ဖြစ်လာမယ့်သူကို မဲခွဲဆုံးဖြတ်ဖို့အတွက် လာမယ့် ကြာသပတေးနေ့မှာ ပါလီမန်အသစ် ခေါ်ယူဖို့ ပြင်ဆင်နေချိန်မှာ သူ့ရဲ့ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပရာယွတ်အနေနဲ့ အစိုးရသစ် မဖွဲ့ရသေးမချင်း အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမှာလည်း ဖြစ်ပါတယ်။
မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ သူ့ရဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ညီညွတ်သော ထိုင်းအမျိုးသားပါတီ (UTN) က လွှတ်တော်အမတ်နေရာ ၅၀၀ မှာ ၃၆ နေရာသာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အမာခံဘုရင်ဝါဒီ စစ်တပ်အကြီးအကဲဟောင်းဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီအထိ စစ်အစိုးရကို ဦးဆောင်ခဲ့ပြီး နောက်ထပ် ၄ နှစ်ကို ဝန်ကြီးချုပ်အဖြစ် ပါလီမန်ကနေ ရွေးချယ်ခံခဲ့ရတာပါ။ အဲ့ဒီတုန်းက ရလဒ်ကို ကြိုတင်ဆုံးဖြတ်ထားပြီးသားလို့ သူ့ရဲ့ပြိုင်ဘက်တွေက အခိုင်အမာ ဆိုကြပါတယ်။
အသက် ၆၉ နှစ်အရွယ် ပရာယွတ်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူဟာ အောင်မြင်မှုများစွာကို ရရှိခဲ့ကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
သူဟာ ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတော်၊ သာသနာ၊ ဘုရင်စနစ်ကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုရလဒ်ဟာ ပြည်သူတွေအတွက် အသီးအပွင့်ဖြစ်တယ်လို့ သူ့ရဲ့ကြေညာချက်ထဲမှာ ပြောထားပါတယ်။
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် နယ်ပယ်ပေါင်းစုံမှာ အားကောင်းအောင် ကြိုးစားပြီး ပြည်တွင်းပြည်ပ အတားအဆီးများစွာကို ကျော်ဖြတ်ခဲ့ပါတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီး ၉ နှစ်အတွင်းမှာ ပရာယွတ်ဟာ တရားရုံးအမှုတွေ၊ ပါလီမန်တွင်း ယုံကြည်မှုမဲတွေနဲ့ ပြည်သူ့လုပ်ပိုင်ခွင့် အပ်နှင်းမခံရတဲ့ အခွင့်အရေးသမားအဖြစ် ရှုမြင်ကြတဲ့ အတိုက်အခံတွေရဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ အပါအဝင် စိန်ခေါ်မှုများစွာကနေ လွတ်မြောက်ခဲ့ပါတယ်။
Source - Reuters