မြန်မာနိုင်ငံမှာ အသက်ရှင်သန်ဖို့ ရုန်းကန်ခဲ့ရတဲ့ ထိုင်ဝမ်အမျိုးသားတယောက်အကြောင်း ရိုက်ကူးထားတဲ့ Diamond Marine World မှတ်တမ်းရုပ်ရှင်ဟာ ဇူလိုင် ၈ ရက်က ကျင်းပတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆုပေးပွဲမှာ Grand Prize နဲ့ အကောင်းဆုံးရုပ်ရှင်မှတ်တမ်းဆုတို့ကို ရရှိခဲ့ပါတယ်။
ဒါရိုက်တာ ဟောင်လျှိုးယီ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံမှာ အကျိုးစီးပွားတခုလုပ်ကာ ဝင်ငွေရှာဖို့ စီစဥ်ထားတဲ့ ထိုင်ဝမ် ပုစွန်ရောင်းဝယ်ရေးသမားပုံစံနဲ့ စတင်ထားပြီး မြန်မာနိုင်ငံရောက်ပြီး မကြာမီမှာ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံခဲ့ရကာ ရှင်သန်ရုန်းကန်ခဲ့ရတာတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဒါရိုက်တာ ဟောင်လျှိုးရီက “ဒီဇာတ်ကားဟာ မြန်မာနိုင်ငံမှာ ချမ်းသာကြွယ်ဝမှု လိုက်ရှာဖို့ ကြိုးစားနေတဲ့ ထိုင်ဝမ်အမျိုးသားတဦးအကြောင်းကို ရိုက်ပြထားတာဖြစ်ပြီး ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ခွင့်လွှတ်မှုတို့ကို ဖော်ပြခဲ့တဲ့ ဇာတ်လမ်းတပုဒ်ပါ” လို့ ပြောပါတယ်။
Diamond Marine World ရုပ်ရှင်ဟာ ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ခဲ့တဲ့ တခြားရုပ်ရှင်တွေကို ကျော်လွန်ကာ တန်ဖိုးတွေနဲ့ ယဥ်ကျေးမှုတွေကို ထိထိရောက်ရောက် ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တယ်လို့ အကဲဖြတ်ဒိုင်တွေက ပြောပါတယ်။
ဒီရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် ထောက်ပံ့ငွေ ထိုင်ဝမ်ဒေါ်လာ ၈ သိန်း ရရှိခဲ့တယ်လို့ အစိုးရ အချက်အလက်တွေအရ သိရပေမဲ့ အဆိုပါရုပ်ရှင်ရဲ့ စုစုပေါင်း ကုန်ကျစရိတ်ကို ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။
ထိုင်ဝမ်ရုပ်ရှင်ဆုပေးပွဲမှာ ဇာတ်ကားတင်သွင်းမှု ၂၉၂ ကားရှိပြီး ဇာတ်ညွှန်းရုပ်ရှင် ၄၀ ကား၊ မှတ်တမ်းရှပ်ရှင် ၆၁ ကား၊ ဇာတ်လမ်းတို ၁၆၀ နဲ့ ကာတွန်းကား ၃၁ ကားတို့ထဲက ဆန်ကာတင် ၂၉ ကားကို ပြိုင်ပွဲအတွက်ရွေးချယ်ပြီး ဆုပေးခဲ့တာဖြစ်တယ်လို့ ဆုပေးပွဲ စီစဥ်သူတွေက ပြောပါတယ်။
Source - Taipei Times