အာဖရိကတိုက်က ဇမ်ဘီယာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြ ဘရုမက်ဝါပေဟာ ကစားသမားတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေရှိကြောင်း ကစားသမားတယောက်က ထုတ်ဖော်ပြောခဲ့ပါတယ်။
ဇမ်ဘီယာအသင်းဟာ အခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားတာပါ။
ကမ္ဘာ့ဖလားဆီ အရောက်ပို့ဆောင်နိုင်ခဲ့တာကို အသုံးချပြီး ကစားသမားတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေရှိကြောင်း အမည်မဖော်လိုတဲ့ ကစားသမားတဦးက ပြောခဲ့တာပါ။
အမည်မဖော်လိုတဲ့ ကစားသမားတဦးက “အသင်းက ကစားသမားတယောက်နဲ့ အတူအိပ်ချင်တယ်ဆိုရင် ကစားသမားဘက်က လက်ခံပေးရပါတယ်။ ကျမတို့အသင်းမှာ နည်းပြနဲ့ ကစားသမားတွေ အတူအိပ်တယ်ဆိုတာ သာမန်ကိစ္စလိုတောင် ဖြစ်နေပါပြီ” လို့ ဂါးဒီးယန်းသတင်းစာကို ပြောပါတယ်။
အဲဒီစွပ်စွဲမှုအပေါ် ဖီဖာက စစ်ဆေးဖို့ အမိန့်ချခဲ့ပြီး ဇမ်ဘီယာဘောလုံးအဖွဲ့ချုပ်ကလည်း ရဲတပ်ဖွဲ့ခေါ်ယူပြီး အလေးအနက်ထား စစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အမျိုးသမီးအသင်းရဲ့ စံချိန်တင်အောင်မြင်မှုကြောင့် နည်းပြချုပ် ဘရုမက်ဝါပေရဲ့ အပြစ်ကို ဖုံးကွယ်ပေးထားတယ်လို့ ဂါးဒီးယန်းသတင်းစာက ဖော်ပြခဲ့ပါတယ်။
ဇမ်ဘီယာအသင်းဟာ ဇူလိုင် ၂၀ ရက်ကစတင်ပြီး သြစတြေးလျနဲ့ နယူးဇီလန်မှာ ကျင်းပမယ့် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားမှာ စပိန်၊ ဂျပန်၊ ကော်စတာရီကာအသင်းတွေနဲ့ အုပ်စု C မှာ ကျရောက်နေတာ ဖြစ်ပါတယ်။