မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြအဖြစ် တိုက်စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဂျာမန်နည်းပြ ဖက်ချ်တန်ဘိုင်နာနဲ့ လမ်းခွဲခဲ့ အပြီးမှာ နည်းပြသစ် ခန့်အပ်နိုင်ခြင်းမရှိသေးဘဲ ဖြစ်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ပြည်တွင်းနည်းပြ တယောက်ဖြစ်သူ ဦးမျိုးလှိုင်ဝင်းကို နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဦးမျိုးလှိုင်ဝင်းဟာ မြန်မာနေရှင်လိဂ်ကလပ် ရှမ်းယူနိုက်တက်ကို တာဝန်ယူခဲ့သူဖြစ်ပြီး ရှမ်းအသင်းနဲ့ စာချုပ်ဖျက်သိမ်းကြောင်း သတင်းထုတ်ပြန်မှုမရှိခဲ့ပေမဲ့ ဂျပန်နည်းပြသစ်တယောက်က ရှမ်းအသင်းကို စတင်တာဝန်ယူနေတာပါ။
ဦးမျိုးလှိုင်ဝင်းကို လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ကြောင်း ဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုပြီးဖြစ်တယ်လို့ သိရပါတယ်။
နည်းပြ ဦးမျိုးလှိုင်ဝင်းဟာ နေပြည်တော်၊ ဧရာဝတီယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်အသင်းတွေကို တာဝန်ယူခဲ့သလို မြန်မာယူ-၁၉ အသင်းကိုလည်း တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးပါတယ်။