လာမယ့်ရာသီမှာ တိုက်စစ်မှူး ဟယ်ရီကိန်း ဆက်ရှိမယ်လို့ အာမ မခံနိုင်ကြောင်း စပါးနည်းပြ ပေါ့စ်တက်ကိုဂလူးက ပြောသွားပါတယ်။
ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပြီး ပေါင်သန်း ၇၀ လောက်နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းချက်ကို စပါးဘက်က ပယ်ချဖို့ရှိနေတာပါ။
ဒါပေမဲ့ လာမယ့်ရာသီမှာ ဟယ်ရီကိန်း ဆက်ရှိမယ်လို့ အာမ မခံနိုင်သလို အဲဒီလို အာမခံနိုင်ဖို့လည်း မျှော်လင့်မထားကြောင်း နည်းပြ ပေါ့စ်တက်ကိုဂလူးက ပြောပါတယ်။
နည်းပြ ပေါ့စ်တက်ကိုဂလူးက “ဒီလိုကိစ္စတွေကို ကိုင်တွယ်ရာမှာ ဘယ်လို သေချာမှုမျိုးကိုမှ အာမခံလို့မရနိုင်ပါဘူး။ လူတွေရဲ့ဘဝမှာလည်း ဘာမှ သေချာရေရာမှုရှိတာ မဟုတ်ပါဘူး။ အခု ကျနော်သိတာက ဟယ်ရီဟာ အသင်းရဲ့လူစာရင်းမှာ ပါဝင်နေပြီး အသင်းသားတွေနဲ့ အတူ လေ့ကျင့်ခန်းပြန်ဆင်းဖို့ပဲဖြစ်တယ်” လို့ ပြောပါတယ်။
တချို့သတင်းတွေမှာတော့ ဟယ်ရီကိန်းကိုယ်တိုင်က ဆုဖလားတွေရယူနိုင်မယ့် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လိုနေတယ်လို့ ဖော်ပြကြပါတယ်။