အခုကြုံနေရတဲ့ အကျပ်အတည်းဟာ ပြည်တွင်းစစ်မဟုတ်ဘူး။ မြန်မာ့နိုင်ငံရေးဇာတ်ခုံကနေ စစ်တပ်ကို အပြီးသတ် အနားပေးဖို့ကြိုးပမ်းနေတဲ့ တော်လှန်ရေးအကျပ်အတည်းဖြစ်တယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုကို ကျွန်တော် သွားရောက်လည်ပတ်ခွင့်ရခဲ့ပါတယ်။ နိုင်ငံအနှံ့က ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေအပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို စိတ်ဝင်စားတဲ့၊ ထောက်ခံအားပေးကြတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အဲဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် သူတို့ကောင်းကောင်း နားမလည်ကြဘူးဆိုတာကို စိတ်မကောင်းစရာ သိခဲ့ရပါတယ်။ သူတို့နားလည်မှုလွဲနေတာတွေ ရှင်းလင်းစေကောင်းရဲ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်။
ပထမဆုံးပြောချင်တဲ့ အချက်က မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာဟာ အနောက်နိုင်ငံတွေက ပြောနေသလို ပြည်တွင်းစစ် မဟုတ်ပါဘူး။ တော်လှန်ရေး ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ မီဒီယာတွေမှာ ပြည်တွင်းစစ်ဆိုတဲ့ အသုံးအနှုန်းကို မြင်ရတိုင်းမှာ စိတ်မသက်မသာဖြစ်ရပါတယ်။ အခုဖြစ်ပျက်နေတာဟာ နိုင်ငံတွင်းမှာရှိတဲ့ အုပ်စုကွဲ အဖွဲ့ကွဲတွေက နယ်မြေစိုးမိုးမှုရရှိရေးအတွက် စစ်တိုက်နေကြတာမဟုတ်ပါဘူး။ အာဏာသိမ်းပြီး အာဏာလုယူထားတဲ့ တရားမဝင်စစ်အာဏာရှင်တွေကို လက်နက်မဲ့ ပြည်သူတွေက တော်လှန်နေကြတာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖွဲ့စည်းခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်း ဝန်ကြီးတစ်ဦးအဖြစ်တာဝန်ယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပတ်သက်တာပဲဖြစ်ပါတယ်။ NUG ဟာ ပြည်နှင်ခံမဟုတ်သလို အာဏာရဖို့စောင့်နေတဲ့ အတိုက်အခံအစိုးရလည်း မဟုတ်ပါဘူး။ NUG ဟာ ဒီမိုကရေစီစနစ်နဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တရားဝင် ယာယီအစိုးရဖြစ်ပါတယ်။ NUG ရဲ့ တချို့သော အစိုးရအဖွဲ့ဝင်တွေကိုသာ သူတို့ရဲ့ လုံခြုံရေးအတွက် ပြည်ပမှာ နေထိုင်ခွင့်ပေးထားတာဖြစ်ပြီး အစိုးရအဖွဲ့ဝင်အများစုကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ဒေသတွေနဲ့ မြန်မာနိုင်ငံထဲက မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးတဲ့နယ်မြေတွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စိုးမိုးနယ်မြေဟာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေတာ ဖြစ်ပါတယ်။
နောက်ထပ် အထင်အမြင်လွဲမှားနေကြတဲ့ အရေးကြီးတဲ့ အချက်တစ်ခုက NUG ဟာ အာဏာသိမ်းပြီးတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဗမာလူမျိုးတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတဲ့ အချက်ပါပဲ။ လက်တွေ့မှာတော့ NUG အစိုးရအဖွဲ့ဝင် ၅၃ ရာခိုင်နှုန်းဟာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေဖြစ်ကြပြီး NLD ပါတီဝင် ၃၈ ရာခိုင်နှုန်းသာ ပါဝင်ပါတယ်။ NUG ရဲ့ ရည်မှန်းချက်ဟာ ဒီတော်လှန်ရေးမှာ အတူတကွပူးပေါင်းပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ အမှန်တကယ်ညီမျှတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ဖို့ကို ကျွန်တော်တို့က အရင်ရွေးချယ်ခဲ့ကြတာမဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်တွေကို ဆန္ဒပြခဲ့ကြတဲ့ လက်နက်မဲ့ပြည်သူတွေအပေါ် စစ်တပ်က ရက်ရက်စက်စက်ဖြိုခွင်းခဲ့တာကြောင့် ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ဖို့ ဖြစ်လာခဲ့ရတာပါ။ အာဏာသိမ်းပြီး နှစ်လအတွင်းမှာတင် အာဏာလုစစ်တပ်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ အရပ်သား ၂၀၀ ကျော်ရှိခဲ့ပါတယ်။ အဲဒါကြောင့်လည်း အရပ်သားပြည်သူတွေဟာ ရရာလက်နက်စွဲကိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အမည်နဲ့ ပြန်လည်ကာကွယ်တော်လှန်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူ့သဘောထားကို သိရှိလက်ခံတဲ့ NUG ဟာ လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို အားပေးလက်ခံခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကိုင်ပြီး အာဏာအလွဲသုံးစားလုပ်မှာကို စိုးရိမ်နေကြတဲ့ တချို့မိတ်ဖက်နိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စည်းကမ်းပြည့်ဝပြီး စနစ်ကျတဲ့ စစ်တပ်အဖြစ်နဲ့ အခုစစ်အာဏာရှင်တွေရဲ့ အကျင့်ပျက်တပ်ဖွဲ့တွေနေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။
အာဏာလုစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ လက်ယက်ကုန်း၊ အနန့်ပါနဲ့ ပဇီကြီးတို့မှာ အရပ်သားတွေ အမြောက်အမြား သေဆုံးခဲ့ရတာကို နိုင်ငံတကာက မြင်တွေ့သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ရပ်မျိုးတွေ အနာဂတ်မှာ ထပ်မဖြစ်ဖို့ PDF တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ကူညီပေးခြင်း၊ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေထပ်တိုးပေးခြင်း စတဲ့ကူညီထောက်ပံ့မှုတွေနဲ့ ကာကွယ်သွားနိုင်မှာ ဖြစ်ပါတယ်။ PDF တွေဟာ အခုချိန်ထိ ပြည်ပက အထောက်အပံ့ မရရှိသေးပါဘူး။ အရှေ့တောင်အာရှမှာ ဒုတိယအင်အားအကြီးဆုံး စစ်တပ်ကို တစ်ချက်ချင်း ပစ်ရတဲ့ လက်လုပ် ရိုင်ဖယ်တွေနဲ့ ပြန်လည်ခုခံရင်း တော်လှန်ရေးစတင်ခဲ့ရတာဖြစ်ပါတယ်။ အမေရိကန်က အဆင့်မြင့်အရာရှိတွေအပါအဝင် တချို့က ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ကို အရေးနိမ့်မယ်လို့ ထင်မြင်ယူဆထားကြပါတယ်။ မြန်မာ PDF တပ်ဖွဲ့ဝင်တွေရဲ့ ခံနိုင်ရည်၊ ဇွဲနဲ့ ကြံရည်ဖန်ရည်ကို အားလုံးက လျှော့တွက်ထားခဲ့ကြပါတယ်။ ပြည်သူအားလုံးအတူရုန်းထပြီး တော်လှန်တဲ့အခါ ဘယ်စစ်တပ်မှ မခံနိုင်ဘူးဆိုတဲ့ ဗီယက်နမ်နဲ့ အာဖဂန်နစ္စတန်တို့က အတွေ့အကြုံတွေကို အားလုံးက မေ့နေကြပုံရပါတယ်။
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရရော လွတ်လပ်တဲ့ အနောက်တိုင်း သုတေသနပြုချက်တွေအရရော တော်လှန်ရေးဘက်တော်သားတွေအတွက် အခြေအနေကောင်းလာနေပြီဆိုတာ မြင်တွေ့နေရပြီဖြစ်ပါတယ်။ PDF တွေမှာ ပိုမိုကောင်းမွန်တဲ့ လက်နက်တွေရှိလာသလို တိုက်ခိုက်ရေးမှာလည်း ပိုမိုပြီးအကွက်ကျကျ၊ စနစ်တွေ နည်းဗျူဟာတွေနဲ့ တိုက်ခိုက်နေကြပြီဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ တပ်သားတွေ အမြောက်အမြားဆုံးရှုံးရသလို အစွန်အဖျားဒေသတွေက သူတို့ရဲ့ စစ်စခန်းတွေကိုလည်း ဆုံးရှုံးနေရပါတယ်။ တပ်သားသစ်စုဆောင်းရေးမှာလည်း လျော့နည်းလာတာကို ကြုံနေကြရပါတယ်။ မြန်မာနိုင်ငံရဲ့ အဝေးပြေးလမ်းမကြီးတွေပေါ်မှာတောင်မှ သူတို့ရဲ့ ယာဉ်တန်းတွေအတွက် လုံခြုံရေးကို အာမ မခံနိုင်တော့တဲ့ မြန်မာစစ်တပ်ဟာ လေကြောင်းကို ပိုအားကိုးနေရပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားပြီး အဖြူ အမည်း မခွဲ ရက်ရက်စက်စက် ချေမှုန်းပိတ်ဆို့ခြင်းဖြင့် PDF တွေအပေါ် ထောက်ပံ့မှုကို တားဆီးရပ်တန့်နိုင်လိမ့်မယ်လို့ စစ်တပ်က မျှော်လင့်ထားပေမဲ့ ရလဒ်ကတော့ ပြောင်းပြန်ဖြစ်လာခဲ့ပါတယ်။ ချင်းနဲ့ ကရင်နီ(ကယား)လို ပြည်နယ်တွေမှာ စစ်တပ်ရဲ့ နယ်မြေစိုးမိုးမှုက လုံးဝမရှိသလောက်ဖြစ်လာခဲ့ပါတယ်။ အခုတလော စစ်ဆင်ရေးတွေဟာဆိုရင် စစ်တပ်ရဲ့ မြို့တော်လည်းဖြစ် ဌာနချုပ်လည်းဖြစ်တဲ့ နေပြည်တော်နဲ့ မိုင် ၁၀၀-၁၂၀ နားအထိ ချဉ်းကပ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ PDF တွေရဲ့ စစ်ရေးတော်လှန်မှုကို ပြည်နယ်နဲ့တိုင်း အကုန်လုံးနီးပါးမှာ ရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ သူရဲ့တပ်တွေကို နေရာစုံမှာဖြန့်ချရင်း အင်အားနည်းလာခဲ့ပါတယ်။ အခုချိန်မှာ အာဏာရှင်စစ်တပ်ဟာ ကိုယ်ကျိုးကိုသာကြည့်ပြီး အကျင့်ပျက်ခြစားနေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေရဲ့ လက်ထဲမှာ ကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ တော်လှန်ရေး အောင်မြင်ဖို့နဲ့ နိုင်ငံတော်သစ်ထူထောင်နိုင်ဖို့အတွက် ငွေကြေးနဲ့ တခြားထောက်ပံ့မှုတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ စစ်ပွဲအသုံးစားရိတ်ဟာ မနည်းလှပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်နဲ့ သတ္တိဟာလည်း ခိုင်မာလျက်ရှိပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေကိုလည်း ကျွန်တော်တို့ ထပ်ပြီးတာဝန်ယူပေးရမှာ ဖြစ်ပါတယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ပြီး သူတို့ရဲ့ အလုပ်တွေကို စွန့်ခွာကာ တော်လှန်ရေးကို အားပေးခဲ့ကြသူ အမြောက်အမြားဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲအတွင်း အခုချိန်ထိ အလုပ်လက်မဲ့နဲ့ ဝင်ငွေမဲ့နေခဲ့ကြတာဖြစ်ပါတယ်။ NUG အနေနဲ့ သူတို့အားလုံးကို ထောက်ပံ့နိုင်ရေးအတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ NUG ရဲ့ ပညာရေးဝန်ကြီးဟာ လွတ်မြောက်နယ်မြေတွေမှာ CDM ဆရာ/မ တွေနဲ့ ကျောင်းဖွင့်ခြင်း၊ အွန်လိုင်းကနေ ပညာရေးဝန်ဆောင်မှုတွေ ဆောင်ရွက်ခြင်းတို့နဲ့ ကလေးငယ်တွေ ပညာရေးမလစ်ဟင်းစေဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ကျွန်တော်တို့ကို အဓိကထောက်ပံ့ကူညီနေကြတာကတော့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေနဲ့ မိတ်ဖက်တိုင်းရင်းသားအဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေသာ ကူညီကြမယ်ဆိုရင် အခုထက်ပိုပြီးခရီးရောက်မှာဖြစ်ပါတယ်။ လူသတ်လက်နက်တွေကို တိုက်ရိုက်ကူညီထောက်ပံ့လိုခြင်း မရှိလျှင်တောင်မှ တခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အမြောက်အမြား ကျွန်တော်တို့ကို ကူညီပေးလို့ ရနိုင်ပါတယ်။
အဲဒီလိုသာ ကူညီမယ်ဆိုရင် လူမှုကူညီရေးနဲ့ ကယ်ဆယ်ရေးအတွက် လျာထားတဲ့ အသုံးငွေတွေကို NUG က တိုက်ခိုက်ရေးအတွက် ပြန်လည်ရွှေ့ပြောင်းအသုံးချနိုင်မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာ စနစ်တွေရဲ့ အားနည်းချက်တွေကို အသုံးချပြီး စစ်အာဏာရှင်တွေဟာ သူတို့လိုအပ်တဲ့ ဝင်ငွေတစ်စိတ်တစ်ဒေသကို ရနေဆဲ ဖြစ်ပါတယ်။ ယူကရိန်းမှာ ဆောင်ရွက်ခဲ့ကြသလို နိုင်ငံတကာရဲ့ နိုင်ငံရေးဖိအားတွေနဲ့ သင့်တင့်မှန်ကန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေကိုဆောင်ရွက်ကြမယ်ဆိုရင် တော်လှန်ရေးအတွက် အားတစ်ခုဖြစ်လာမှာပါပဲ။ ယူကရိန်းအရေးနဲ့ မြန်မာ့အရေးဟာ ပုံစံမတူပေမဲ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေမှာ တူညီမှု အမြောက်အမြားရှိနေပါတယ်။ တူညီတဲ့ အချက်တွေထဲမှာ အရေးအကြီးဆုံးကတော့ ယူကရိန်းရော မြန်မာဟာ ကိုယ့်ထက်အင်အားများစွာသာလွန်တဲ့ အာဏာရှင်စစ်မိစ္ဆာတွေကို ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် တိုက်ခိုက်နေကြရတာပဲ ဖြစ်ပါတယ်။
အခုလတ်တလောအတွင်းမှာလည်း တကယ်လို့စာ ယူကရိန်းရတဲ့ နိုင်ငံတကာအကူအညီတွေရဲ့ တစ် ရာခိုင်နှုန်းလောက်ကိုသာ မြန်မာ့တော်လှန်ရေးအတွက် ရမယ်ဆိုရင် မြန်မာစစ်အာဏာရှင်တွေကို လပိုင်းနဲ့ အနိုင်ယူနိုင်မှာဖြစ်ကြောင်း ကျွန်တော်တို့ရဲ့ တော်လှန်ရေးခေါင်းဆောင်တွေက လူသိရှင်ကြားတောင်းဆို အသနားခံခဲ့ပါတယ်။ ဂျော်ဒန်အာရစ်ဆင်၊ ရဲမျိုးဟိန်းနဲ့ လူးကပ်စ်မေယာတို့ရဲ့ မှတ်ချက်တွေအတိုင်း မြန်မာ့အရေးဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မဖြစ်နိုင်သလို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာလို့လည်း မရနိုင်ပါဘူး။ မြန်မာစစ်အာဏာရှင်တွေဟာ ပြဿနာအားလုံးရဲ့ အရင်းအမြစ်ဖြစ်တာကြောင့် သူတို့ကိုအရင်ဆုံးဖယ်ရှားရမှာ ဖြစ်ပါတယ်။
တချို့သော ရည်ရွယ်ချက်ကောင်းနဲ့ အဖွဲ့ဝင်နိုင်ငံတွေရှိနေပေမဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ ချမှတ်ထားတဲ့ အာဆီယံရဲ့ မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်ဟာ အကြမ်းဖျဉ်းအဆင့်သာရှိပြီး အဖွဲ့အစည်းတစ်ခုအနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက်ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။
လွန်ခဲ့တဲ့ နှစ်နှစ်ခွဲအတွင်းမှာ ကျွန်တော်တို့ကို ပေးခဲ့တဲ့ အကူအညီနဲ့ ထောက်ပံ့မှုတွေအတွက် အမေရိကန်ပြည်ထောင်စုကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ အမေရိကန်ဟာ မြန်မာအရေးမှာ ကူညီထောက်ပံ့ဖို့ ဘားမာအက်အမည်နဲ့ ဥပဒေပြုပြီးတိုက်တွန်းအားပေးခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံလည်းဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်ဟာ ဘားမားအက်နဲ့ တခြားသော ထောက်ပံ့ကူညီမှုတွေကို အလျင်အမြန်အကောင်အထည်ဖော်ရင်း တစ်ဘက်မှာလည်း မြန်မာ့အရေးကို အာဆီယံကနေပဲ ဖြေရှင်းဖို့တိုက်တွန်းနေတာကို ရပ်တန့်လိုက်ခြင်းအားဖြင့် မြန်မာ့တော်လှန်ရေးအတွက် ပိုမိုကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားတို့လို ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေနဲ့ စစ်အာဏာရှင်တွေအပေါ် ပိုမိုပိတ်ဆို့အရေးယူဖို့ စေ့စပ်ညှိနှိုင်းဆောင်ရွက်တာမျိုးလို ပိုမိုခိုင်မာအားကောင်းတဲ့ စေ့စပ်ညှိနှိုင်းမှုတွေကိုလည်း မဖြစ်မနေ ဆောင်ရွက်ဖို့ လိုပါတယ်။
မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို အပြီးသတ်ချေမှုန်းပြီး စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်မယ့် အခွင့်အလမ်းတွေကို ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ တွေ့မြင်ရလာရပြီ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း မြန်မာ့တော်လှန်ရေးဘက်တော်သားတွေဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပေးရင်း ကျွန်တော်တို့ရဲ့သမိုင်းမှာ တကယ့်မိတ်ဆွေစစ်နိုင်ငံအဖြစ်သာမကပဲ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်တည်မြဲရေးကို ကာကွယ်ပေးတဲ့ နိုင်ငံတစ်ခုအဖြစ် သက်သေထူဖို့ အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းလိုက်ပါတယ်။
ဘာသာပြန်- ဥဿာဆန်း
Ref: The Diplomat