စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မြောက်ဘက်ကို ဒီနေ့ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သပြေပင်ရွာ၊ ရှမ်းတဲရွာနဲ့ နောရင်းရွာဆုံရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်စပ်သူ ဒေသခံရွာသားတွေက ပြောပါတယ်။
“သူတို့ထွက်လာမယ်ဆိုတာသိလို့ ကာကွယ်ရေးအဖွဲ့က မိုင်းတွေ ကြိုတင်ထောင်ပြီး စောင့်နေရာကနေ တက်လာလို့ မိုင်းဆွဲတာ။ ၃ ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားတယ်။ တယောက်က ဗိုက်ကျည်စထိမှန်ပြီး သေသွားတယ်” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မိုင်းဆွဲခံရပြီး ရှေ့ဆက်မသွားတော့ဘဲ ဘုတလင်မြို့ထဲကို ပြန်ဝင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။