အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့နားက လေဆိပ်တခုအနီးကွင်းပြင်ထဲမှာ ဇူလိုင် ၈ ရက်က ဂျက် လေယာဉ်အသေး ၁ စင်း ပျက်ကျခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့ပြီး လိုက်ပါစီးနင်းလာသူ ၆ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ ဒေသဆိုင်ရာနဲ့ ဖက်ဒရယ်အာဏာပိုင်တွေက အတည်ပြုပါတယ်။
အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းမှုဆိုင်ရာဘုတ်အဖွဲ့ရဲ့ လေကြောင်းစစ်ဆေးရေးမှူး အယ်လီးယက် ဆင့်မ်စင် (Elliott Simpson) ကတော့ အခုလို သေဆုံးသွားတဲ့ လေယာဉ်မှူးနဲ့ ခရီးသည်အားလုံးဟာ အရွယ်ရောက်ပြီးသားသူတွေဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခင်းဖြစ်ပွားရာ ဧရိယာတဝိုက်မှာ ရေခိုးရေငွေ့တွေနဲ့ ပြည့်နှက်နေတဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် လေယာဉ်ဆင်းသက်ဖို့ ကြိုးပမ်းရာမှာ ပြေးလမ်းနဲ့လွဲချော်သွားခဲ့တာဖြစ်ကြောင်း ဆင့်မ်စင်က မှတ်ချက်ပေးပါတယ်။
ဒီလေဆိပ်ကို ဆင်းသက်ရာမှာ အနိမ့်ဆုံး စံနှုန်းတွေအပြင် မြင်နိုင်စွမ်းနည်းပါးတဲ့အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာမျိုး ဖြစ်နိုင်ကြောင်း ဆင့်ပ်စင် ရဲ့ ပြောကြားချက်အရ သိရပါတယ်။
Cessna C550 အမျိုးအစား စီပွားရေးလုပ်ငန်းသုံး ဂျက်လေယာဉ်ဟာ လက်စ်ဗီးဂတ်စ် မြို့ကနေ ထွက်ခွာလာရာ ရေးဗားဆိုက်တ် (Riverside) ကောင်တီရဲ့ ပြင်သစ်တောင်ကြား(French Valley) အမည်ရ လေဆိပ်တခုအနီးမှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။
ဒီနေရာဟာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ တောင်ဘက် ၈၅ မိုင်နီးပါး အကွာမှာတည်ရှိပြီး ဒေသ စံတော်ချိန် မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ အခင်းဖြစ်ပွားခဲ့တယ်လို့ ဖက်ဒရယ်လေကြောင်းဆိုင် ရာ စီမံခန့်ခွဲရေးအေဂျင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Source-Reuters