တူရကီနိုင်ငံဆီ အလည်အပတ်ရောက်နေတဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ပြီးခဲ့တဲ့ နှစ်က အကျဉ်းသားဖလှယ်ရေး အစီအစဉ်အရ တူရကီမှာနေဖို့ အတင်းအကြပ်ခိုင်းစေခံရတဲ့ မာရီအူပယ်မြို့က ယူကရိန်းမြို့စောင့် တပ်မှူးဟောင်း ၅ ယောက်ကို သူနဲ့အတူ ပြန်ခေါ်လာခဲ့ပါတယ်။
ယူကရိန်းရဲ့ သူရဲကောင်းတွေလို့ အမွှမ်းတင်ခံရတဲ့ တပ်မှူးတွေဟာ ပြီးခဲ့တဲ့နှစ်က ရုရှားတို့ သိမ်းပိုက်ခဲ့တဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆိပ်ကမ်းကို ကာကွယ်ရာမှာ ဦးဆောင်ခဲ့သူတွေပါ။
သုံးလကြာ ဝိုင်းရံထားချိန်မှာ ရုရှားတပ်တွေက မြို့ကို ထောင်းထောင်းကြေချေမှုန်းခဲ့လို့ မာရီအူပယ် မြို့မှာ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
သံမဏိစက်ရုံအောက်က ဥမင်လှိုဏ်ခေါင်းတွေ ကတုတ်ကျင်းတွေကို ဆုပ်ကိုင်ထားတဲ့ ယူကရိန်း ခံတပ်တွေကို နောက်ဆုံးမှာလက်နက်ချဖို့ ယူကရိန်းအစိုးရက ပြီးခဲ့တဲ့နှစ် မေလမှာ အမိန့်ပေးခဲ့ပါတယ်။
ရုရှားအစိုးရက သူတို့ထဲကတချို့ကို တူရကီအစိုးရက ကြားဝင်စေ့စပ်ပေးတဲ့ အကျဉ်းသား လဲလှယ်မှုနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ စစ်ပွဲပြီးဆုံးတဲ့အထိ တူရကီမှာ ဆက်နေကြဖို့ တောင်းဆိုခဲ့ပါတယ်။
“ကျနော်တို့က တူရကီကနေအိမ်ပြန်ပြီ။ ကျနော်တို့ရဲ့ သူရဲကောင်းတွေကို အိမ်ပြန်ခေါ်သွားပြီ” လို့ ဇလန်းစကီးက အစ္စတန်ဘူလ်မြို့မှာ တူရကီ သမ္မတ တေယစ် အာဒိုဂံနဲ့ တွေ့ချိန်မှာ ပြောခဲ့ပါတယ်။
ယူကရိန်း စစ်သည် ၅ ယောက်ဟာ သူတို့ဆွေမျိုးတွေနဲ့အတူ နောက်ဆုံးတော့ ပြန်နေနိုင်တော့မယ်လို့ သူက တယ်လီဂရမ်ကနေ ပြောပါတယ်။
ဒါပေမယ့် တပ်မှူးတွေ ဘာလို့ အခုလို အိမ်ပြန်ခွင့်ရတယ်ဆိုတာကို ဇလန်းစကီးက မရှင်းပြပါဘူး။ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုလည်း တူရကီ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ချက်ချင်း မတုံ့ပြန်သေးပါဘူး။
ဒါ့အပြင် ရုရှားအစိုးရကလည်း ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။
ဇလန်းစကီးဟာ သူနဲ့ တခြားအရာရှိတွေ လက်ဆွဲနှုတ်ဆက်ပြီး လေယာဉ်ပေါ်မတက်မီ ပြုံးနေတဲ့ တပ်မှူးတွေကို ပွေ့ဖက်ထားတဲ့ တမိနစ်စာ ဗီဒီယိုကိုလည်း အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။
Source-Reuters