Home
မြန်မာသတင်း
ရေးနှင့်ဘီးလင်းတွင် စစ်စခန်းနှင့် BGF ဂိတ် တိုက်ခိုက်ခံရ
DVB
·
July 9, 2023
347416045_207832858913345_5192083394000097337_n

မွန်ပြည်နယ်၊ ရေးမြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်ဖျက်ဆီးခဲ့သလို ဘီးလင်းမြို့နယ်ထဲက နယ်ခြားစောင့်ဂိတ်တခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဇူလိုင် ၈ ရက်နေ့က ဘီးလင်းမြို့နယ်အပိုင်မှာရှိတဲ့ BGF မဲလံ ဂိတ်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နေ့လယ် ၂ နာရီဝန်းကျင်မှာ Drone ဗုံးသီး ၄ လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး နေ့လယ် ၂ နာရီ ၄၀ မိနစ်မှာ နောက်ထပ် Drone ဗုံးသီး ၄ လုံး နဲ့ ထပ်မံပစ်ချတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့ဝင်တယောက်က ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အဲဒီ BGF ဂိတ်စခန်းတိုက်ခိုက်တာမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်တာ ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဒါပေမယ့် ဂိတ်အဆောက်အဦ နည်းနည်းပျက်စီးပြီး အနီးအနားမှာရှိတဲ့ အမျိုးသမီးတယောက် ဗုံးစမှန်တဲ့ ဒဏ်ရာရခဲ့တယ်လို့ BGF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်က လက်နက်ကြီးတွေနဲ့ ​​ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ခရီးသွားလာသူတွေ စိုးရိမ်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ် ၁၄ မိုင် ကျေးရွာက စစ်ကောင်စီ တပ်ရဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ဖျက်ဆီးပြီး လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“ည ၁၁ နာရီလောက်မှာ စစ်ကောင်စီဘက်နဲ့ မြေပြင်မှာ KNLA တပ်ရင်း ၂၇ တပ်ခွဲ ၂၊ ရေး YGF တို့နဲ့ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ အဲဒါကတော့ ညအချိန်ဖြစ်တဲ့အတွက် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘူး။ စစ်ကောင်စီဘက်က အရာရှိအပါဝင်ထွက်ပြေးသွားခဲ့တယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ထိခိုက်မှု မရှိဘူး" လို့ ပြောပါတယ်

စခန်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ရှိပြီး အဲဒီကနေ

ရှေ့ထွက်မိုင်း ၃ လုံး၊ ကပ်သီး ၁၈ ခု၊ ၅ ဒသမ ၅၆ ကျည် ၂၀၀ ကျော်၊ ၄၀ မမ ကျည် အလုံး ၂၀၊ လက်ပစ်ဗုံး အလုံး ၂၀၊ ကျည်ဘောက် ၁၀ ခု၊ အီကွေမင့် ၂ စုံ၊ မှတ်ပုံတင် ၂ ခု၊ ဖုန်း ၃ လုံးနဲ့ တပ်သားအဆင့် ယူနီဖောင်း ၁ စုံကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီစစ်စခန်းဟာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ရေး-ထားဝယ် လမ်းပိုင်း ၁၄ မိုင် နားမှာ တည်ရှိပြီး စစ်ကောင်စီတပ် ခမရ ၅၉၁ က ဗိုလ်နေလင်းထွန်းဦးစီးတဲ့ အဖွဲ့က စစ်အုပ်စုရဲ့ ဆက်သွယ်ရေးတာဝါတိုင်နဲ့ မလွဲတောင်တံတားကို လုံခြုံရေးရယူထားတဲ့ စခန်းကုန်းဖြစ်ပါတယ်။

လက်ရှိ ရေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့ ခရီးအသွားလာမရှိကြဘူးလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024