ဆူဒန်နိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ကြားက ၃ လနီးပါးကြာ လက်နက်ကိုင်တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်နေတဲ့ကြားထဲမှာ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းလည်ပတ်မှုဟာ ကျဆင်းလာပြီး မြို့တော်ဧရိယာက ဆေးဘက်ဆိုင်ရာစနစ်ဟာ ပြိုကျလုနီးပါး ဖြစ်နေပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဆေးရုံ ၁၈ ရုံ ဗုံးကြဲတိုက်ခိုက်ခံရပြီး ခါတွမ်၊ အွမ်ဒူရ်မန်နဲ့ ခါတွမ်မြောက်ပိုင်း ပါ၀င်တဲ့ မြို့တော်ဧရိယာတလွှားရှိ တခြားဆေးရုံ ၂၁ ရုံကို လက်နက်ကိုင် တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။
လူဦးရေ ၁ သန်းကျော် နေထိုင်တဲ့ အွမ်ဒူရ်မန်ရှိ တခုတည်းသော နောက်ဆုံးဆေးရုံဖြစ်တဲ့ အလ်နောင်ဆေးရုံမှာ လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေအဆိုအရ မြို့တော်မှာ တနေ့လျှင် နာရီအနည်းငယ်သာ ဓာတ်အားနဲ့ရေကို ပေးဝေနိုင်တာကြောင့် သူတို့ရဲ့ ကိုယ်ပိုင်မီးစက်တွေကို အဓိက အားကိုးနေရတယ်လို့ ဆိုပါတယ်။
ဆေးရုံမှာကြုံတွေ့နေရတဲ့ နောက်ထပ် စိန်ခေါ်မှုတခုက ကျန်းမာရေးဝန်ထမ်း မလုံလောက်ခြင်းဖြစ်ပြီး တချို့ဝန်ထမ်းတွေဟာ ပဋိပက္ခဖြစ်ပွားရာဒေသကနေ သာမန်ဒေသခံ တွေနဲ့အတူ တိမ်းရှောင်ထွက်ပြေးသွားကြချိန်မှာ ကျန်နေသူတချို့ကလည်း အများပြည်သူ သွားလာရေး ပြတ်တောက်မှုကြောင့် အများစုဟာ အိမ်ထဲမှာ ပိတ်မိနေကြဆဲ ဖြစ်ပါတယ်။
ရလဒ်အနေနဲ့ ဝန်ထမ်းတွေကို တာဝန်နေရာခွဲဝေချထားဖို့ ဖြန့်ဖြူးရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
ဒါ့အပြင် မကြာခဏ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ပို့ဆောင်မှုတွေမကြာခဏ အနှောင့်အယှက် ဖြစ်နေရလို့ ဆေးရုံဟာ ဆေးဘက်ဆိုင်ရာအထောက်အပံ့တွေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပြတ်တောက်မှုနဲ့အတူ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ဆေးဝါးအားလုံးနီးပါး ထောက်ပံ့မှုနည်းပါးနေတာကြောင့် ဆေးရုံရဲ့အခြေအနေက ဆိုးရွားနေဆဲဖြစ်ပြီး အများဆုံး လူနာ ၅ ဦးကနေ ၆ ဦး အထိသာရရှိနိုင်တာကြောင့် ဆေးရုံပိတ်ခိုင်းမှာကိုတောင် ကြောက်နေရတယ် ဒေါက်တာ လေးလား က ပြောပါတယ်။
Source-Reuters