စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ အထိုင်ချ နေထိုင်နေတဲ့ အင်မထီးပျူစခန်းကို ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေ ဆီကနေ သိရပါတယ်။
ပုလဲသခင်ဒေါင်းညိုအဖွဲ့နဲ့ ကျားသစ်နက်ပြောက်ကြားတပ်ဖွဲ့တို့က မနက် ၁၁ နာရီ လောက်မှာ အလစ်ဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
*အင်မထီးရွာရဲ့မြောက်ဘက်ကနေ လက်နတ်ကြီးလက်နက်ငယ်တွေနဲ့ အလစ်ဝင် ပစ်ခဲ့တာ။ ရွာရဲ့တောင်ဘက်ကနေကတော့ ကျားသစ်နက်အဖွဲ့က ဝင်ပစ်တာ။ ပျုတွေ ရွာအပြင် နွားကျောင်းနေတုန်းအလစ်ဝင်ပစ်တာ။ ကျနော်တို့ပစ်လို့ နွားကျောင်းနေတဲ့ ပျူတွေကတော့ နွားတွေပစ်ပြီး ရွာထဲပြေးဝင်သွားတယ်။ အဲလိုပြေးဝင်သွားရင်း တိုက်မိုင်းမိသူတွေလည်းရှိတယ်။ ပျူအသေစာရင်းကတော့ လောလောဆယ် မသိရသေးဘူး။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတော့ရှိတယ်။ ကျနော်တို့အဖွဲ့တွေကတော့ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပုလဲသခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာနဲ့ ချင်ပစ်ရွာကို တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးတပါးအပါဝင် အရပ်သား ၁၀ ယောက်သေဆုံးခဲ့ပြီး ၁၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။