Home
မြန်မာသတင်း
တနိုင်းမြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိ
DVB
·
July 9, 2023
358040481_290770066753234_3542862133126483904_n

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်  ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ကေအိုင်အေတို့ ဇူလိုင် ၈ ရက်မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး  နှစ်ဖက်တပ်တွေရော ရွာသားတွေပါ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

တိုက်ပွဲမှာ ကေအိုင်အေဘက်က ၃ ယောက်ထက်မနည်း သေဆုံးခဲ့သလို ပြည်သူ့စစ်ဘက်ကလည်း ၅ ယောက်ထက် မနည်းသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်လို့  အသက် ၅၀ အရွယ် အမျိုးသားတယောက် သေဆုံးပြီး အမှတ် ၁ရပ်ကွက်နဲ့ အမှတ်  ၂ ရပ်ကွက်နေ  အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ထိခိုက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက "မနက် ၄ နာရီလောက်ကတည်းက လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ ကေအိုင်အေက ပြည်သူ့စစ် စခန်းကို ဝင်စီးတာ နှစ်ဘက် အပြန်အလှန် ပစ်ကြတယ်။ ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ရွာဘက်ကို လှမ်းပစ်လို့ အမျိုးသားတယောက် သေတယ်။ ဒဏ်ရာ ရတာကတော့ ၆ ယောက်လောက်ရှိတယ်"လို့ ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ် ၇ လုံးထက်မနည်း ထိခိုက်ပျက်စီးကာ KBC ဘုရားကျောင်းဝင်းအတွင်းက ရုံးခန်းနဲ့ နေအိမ်တွေပျက်စီးသွားကာ  အမှတ် ၁ ရပ်ကွက်မှာ မွေးမြူထားတဲ့ ဝက်  ၆ ကောင် ထိခိုက်သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ထဲမှာလည်း  ကချင်လွတ်မြောက်ရေးတပ်မတော် ( ကေအိုင်အေ)နဲ့ စစ်ကောင်စီတပ်တွေအကြား နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေက  မြစ်ကြီးနား-မိုးမောက်လမ်းမပေါ်မှာ နမ်ဆန်ယန်ကျေးရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့သလို ဒေါ့ဖုန်းယန်မြို့မရောက်ခင် ရင်ခွဲတောင်အတက် ပတ်ဝန်းကျင်နဲ့ ဒေါ့ဖုန်းယန်အလွန် ခလာယန်အနီးမှာလည်း ဗန်းမော်ဘက်ကနေတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ဒေါ့ဖုန်းယန်မရောက်ခင်နားက ရင်ခွဲတောင်အတက်ပေါ့ အဲနားက ဖုန်းတာဝါတိုင်ရှိတဲ့ တစ်ဝိုက်မှာပဲ မနေ့ကကော၊ ဒီနေ့ (ဇူလိုင် ၈ရက်) ကော တိုက်ပွဲတွေဖြစ်နေတာရှိတယ်၊ ဗန်းမော်၊ မိုးမောက်ဘက်ကနေ တက်လာတဲ့ စစ်သား(စကစ)တွေကို ကေအိုင်အေက တိုက်ခိုက်တာပေါ့၊ ပထမနေ့ စဖြစ်တဲ့ အချိန်တုန်းက တိုက်ပွဲဖြစ်တဲ့ အချိန်ဖြတ်လာတဲ့ အမျိုးအသမီးတယောက်တောင် ကျည်ဆန်ထိခဲ့သေးတယ်။ အဲတာက ဒေါ့ဖုန်းယန်အောက်ပေါ့၊ ဒေါ့ဖုန်းယန် အကျော် ဒိန်ဂါဘက်မှာဆိုရင်လည်း ခလားယန်ဘက်မှလည်းဖြစ်နေတယ်။”

ဒေါ့ဖုန်းယန်မြို့ပတ်ဝန်းကျင်မှာ နှစ်ဖက်တပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုရှိနေဆဲဖြစ်ပြီး မြို့ပေါ်ကနေ လက်နက်ကြီးသံတွေ မကြာခဏ ကြားနေရတယ်လို့လည်း မြို့ခံတွေထံက သိရပါတယ်။

ဒေါ့ဖုန်းယန်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နမ့်ဆန်ယန်ဘက်ကို အင်အားဖြည့်တင်းဖို့သွားတဲ့ တပ်ဖွဲ့တွေဖြစ်တယ်လို့ ယူဆရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့မနက်ပိုင်းက ဒေါ့ဖုန်းယန်ကနေ နမ်ဆန်ယန်ဘက်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကေအိုင်အေက   ခလာကုန်းနဲ့ လွယ်မောက်ယန်ကျေးရွာ ပတ်ဝန်းကျင်တွေမှာ သုံးကြိမ်ဟန့်တားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကေအိုင်အေရဲ့ လိုင်ဇာဌာနချုပ်အနီးက နမ်ဆမ်ယန်ကျေးရွာပတ်ဝန်းကျင်မှာလည်း ဇူလိုင် ၈ ရက်အထိ  တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလို့  ကချင်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

လိုင်ဇာဌာနချုပ်ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်အင်အား ဖြည့်တင်းနေဆဲဖြစ်ပြီး  မနေ့ညနေပိုင်းက နမ်ဆန်ယန်ပတ်ဝန်းကျင်ကို စစ်ကောင်စီလေတပ်က လာရောက်ဗုံးကြဲ ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024