စိန်ခေါ်မှုအသစ်တွေရှာဖွေဖို့အတွက် မန်ယူနိုက်တက်အသင်းကနေ ထွက်ခွါခဲ့တာဖြစ်ကြောင်း ဂိုးသမား ဒီဂီယာက ပြောပါတယ်။
စပိန်ဂိုးသမားဟာ ဇွန်လအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံး ခဲ့တာဖြစ်ပြီး အသင်းနဲ့ပရိသတ်တွေကို နှုတ်ဆက်စာရေးသားခဲ့ရာမှာ စိန်ခေါ်မှုအသစ်တွေကို ရှာ ဖွေချင်တာကြောင့်ဖြစ်တယ်လို့ ထည့်သွင်းရေးသားခဲ့တာပါ။
ဒီဂီယာဟာ အစောပိုင်းက အသင်းမှာ ဆက်နေဖို့ သဘောတူညီမှုရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ နည်းပြတန်ဟတ်ဂ်က ဆက်လက်အသုံးပြုဖို့ ဆန္ဒမရှိတော့တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပါ။
ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့တာက ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး မန်ချက်စတာဟာ နှလုံးသားထဲမှာအမြဲရှိနေမှာ ဖြစ်ကြောင်း ဒီဂီယာက ရေးသားခဲ့ပါတယ်။
အသက် ၃၂ နှစ်ရှိ ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်နဲ့ စုစုပေါင်း ၅၄၅ ပွဲ ကစားခဲ့ရာမှာ ပွဲ ၁၉၀ အထိ ဂိုးမပေးခဲ့ရတဲ့ပွဲရှိခဲ့ပြီး ဆုဖလား ၈ လုံးရရှိခဲ့ပါတယ်။