Home
ဆောင်းပါး
ကျား၊ မ တန်းတူညီမျှမှုဟာ အိမ်မှာ စတင်ပါတယ်
DVB
·
July 8, 2023
358811231_753132823279921_8025393378164299877_n

ကျား၊ မ တန်းတူညီမျှရေးဟာ အိမ်မှာစတင်တာဖြစ်ပြီး မိသားစုတွေဟာ အပြောင်းအလဲရဲ့ ရှေ့မှာ ရှိနေပါတယ်။ နောင်လာနောက်သားတွေအတွက် မိဘတွေ၊ ပြုစုစောင့်ရှောက်ပေးသူတွေနဲ့ ဆွေမျိုးတွေက အိမ်မှာပြသထားတဲ့ နမူနာပုံစံတွေဟာ ကျား၊ မ တန်းတူညီမျှမှုနဲ့ တန်းတူညီမျှမှုဆိုင်ရာ တွေးခေါ်ပုံကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

ကျား၊ မ ရေးရာ စံနမူနာတွေကို ခွဲခြမ်းစိတ်ဖြာခြင်းကနေ စောင့်ရှောက်မှုလုပ်ငန်းကို မျှဝေခြင်းအထိ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ကျား၊ မ တန်းတူညီမျှမှုအကြောင်း ကလေးတွေကို ပညာပေးတာဟာ မိသားစုမှာ အနာဂတ် အမျိုးသမီးရေးဝါဒီတွေကို အတုယူနိုင်စေမယ့် နည်းလမ်းတချို့ဖြစ်ပြီး အမျိုးသမီးဝါဒီ ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် အကြံပြုချက် ၇ ချက်ကို ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ကျား၊ မ တန်းတူညီမျှမှုအကြောင်းကို ပြောပြပါ။

ကျား၊ မ တန်းတူညီမျှမှုနဲ့ အမျိုးသမီးအခွင့်အရေးတွေအကြောင်း ကလေးတွေနဲ့ စကားပြောဆို ဆက်ဆံပါ။ လိင်တန်းတူညီမျှမှုနဲ့ ကျား၊ မ တန်းတူညီမျှတဲ့ ကမ္ဘာကို ရောက်ရှိဖို့ လုပ်ဆောင်ရမယ့် အရာတွေအကြောင်း ကလေးတွေကို ပြောပြပေးတာဟာ သူတို့အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် လမ်းပြပေးတာဖြစ်ပါတယ်။

ယူကရိန်း X-Factor တီဗီရှိုးရဲ့ ယူကရိန်းလူမျိုးအဆိုတော်နဲ့ ဂျူရီအဖွဲ့ဝင် ဒီမီထရိုရှုရော့ဗ်ဟာ သူတို့အိမ်ရဲ့ အရာအားလုံးဟာ ၅၀/၅၀ ဖြစ်ပြီး တန်းတူညီမျှတယ်ဆိုတာကို သူ့ရဲ့သားဖြစ်သူကို နားလည်အောင် ရှင်းပြထားပါတယ်။

“ကျနော့်အမြင်အရတော့ ကလေးပြုစုပျိုးထောင်ဖို့ အကောင်းဆုံးနည်းလမ်းက မင်းရဲ့ကလေးက မင်းနောက်ကို လိုက်လာမှာဖြစ်တဲ့အတွက် စံနမူနာပြရုံပဲ။ ဒီအကြောင်းအရာက သက်ဆိုင်တဲ့အတွက် ကျား၊ မ ရေးရာ အခန်းကဏ္ဍတွေအကြောင်း ငါ့သားကို မကြာခဏ ပြောဖြစ်တယ်” လို့  ဒီမီထရိုက ဆိုပါတယ်။ 

“လူတွေက ပျော်ရွှင်ဖို့ မွေးဖွားလာကြတာဖြစ်ပြီး ငါတို့အားလုံး တန်းတူအခွင့်အရေးရှိတယ်။ အရာရာတိုင်းက မိသားစုတွေနဲ့ စတယ်- ကလေးတွေက မိဘတွေရဲ့ အာရုံစိုက်မှုကို ညီတူညီမျှ ခံယူသင့်တယ်” လို့ သူကပြောပါတယ်။

၂။ ဂရုစိုက်မှုကို မျှဝေပါ။

ချက်ပြုတ်ခြင်းနဲ့ သန့်ရှင်းရေး၊ ရေနဲ့ ထင်းတွေ ရယူခြင်းကနေ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ခြင်းအထိ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အခကြေးငွေ မရရှိတဲ့ အိမ်ထောင်စုနဲ့ စောင့်ရှောက်မှုလုပ်ငန်းကို အမျိုးသားတွေထက် အနည်းဆုံး ၂ ဆခွဲ ပိုပြီးလုပ်ဆောင်ကြရပါတယ်။

ရလဒ်အနေနဲ့ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ ကျောင်းတက်ဖို့ ဒါမှမဟုတ် အချိန်ပြည့် အလုပ်မှာ ဝင်ရောက်လုပ်ကိုင်ဖို့ ဒါမှမဟုတ် အနားယူဖို့ အချိန်လုံလောက်စွာ ရရှိနိုင်မယ့် တန်းတူအခွင့်အရေးတွေကို လက်လွတ်နေကြပါတယ်။

အိမ်မှာရှိတဲ့ အိမ်မှုကိစ္စ‌တွေနဲ့ အလုပ်အားလုံးကို အညီအမျှ ပိုင်းခြားပြီး မိန်းကလေးတွေနဲ့အတူ ငယ်ရွယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းနဲ့ အိမ်မှုကိစ္စတွေမှာ ယောက်ျားလေးတွေကို ပါဝင်‌လုပ်‌ဆောင်ခိုင်းပါ။

၃။ မတူကွဲပြားတဲ့ စံနမူနာတွေကို အတုယူပါ။

စံနမူနာတွေဟာ ပုံသဏ္ဌာန်၊ အရွယ်အစား၊ ကျား၊ မ၊ အသားအရောင်နဲ့ ယဉ်ကျေးမှု နောက်ခံမျိုးစုံကနေ လာတာဖြစ်ပါတယ်။

မတူကွဲပြားမှုတွေကို လက်ခံဖို့ ကလေးတွေကို အားပေးပါ။ မတူညီတဲ့ လိင်၊ လူမျိုးစုနဲ့ အရောင်အသွေးတို့ကနေ စံနမူနာပြပါ။ ဥပမာ၊ ကျား မ မခွဲခြားဘဲ သူတို့ဖြစ်ချင်တဲ့အရာ ဖြစ်နိုင်ကြောင်း သူတို့ကို သတိပေးပါ။

၄။ ကလေးတွေကို ထုတ်ဖော်ပြောဆိုဖို့ ခွန်အားပေးပါ။

ကမ္ဘာတဝန်းက လူငယ်တွေဟာ ကျား၊ မ တန်းတူညီမျှရေးအတွက် အရှိန်မြှင့် လုပ်ဆောင်နေကြပါတယ်။ အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ လူငယ်‌တွေကို ခွန်အားပေးပြီး ပညာပေးတဲ့အခါ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကာဂျစ္စတန်က အီဂူလ်အလီဘီဗာဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ကျား၊ မ တန်းတူညီမျှမှုကို တိုးတက်စေဖို့အတွက် ကျောင်းအခြေပြုအစီအစဉ်မှာ သမီးဖြစ်သူရဲ့ ပါဝင်မှုကို ပံ့ပိုးပေးပြီး မိန်းကလေးတွေကို ခွန်အားပေးကာ မျိုးဆက်သစ်အချင်းချင်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး ကလေးလက်ထပ်ခြင်းဆိုင်ရာ သဘောထား ပြောင်းလဲဖို့ကိုလည်း လုပ်ဆောင်ပေးပါတယ်။

“ကျမတို့က သူ့ကို ထောက်ပံ့ဖို့၊ အိမ်မှာ အဆင်ပြေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ကြိုးစားတယ်။ ဒါကြောင့် သူဟာ စာကျက်ဖို့၊  သူ့တာဝန်တွေအတွက် ပြင်ဆင်ချိန်တွေ ရနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ အီဂူလ်က သူ့ရဲ့သမီးဖြစ်သူနဲ့ ဆက်ဆံရေးအကြောင်း ပြောကြားခဲ့ပြီး “အမျိုးသမီးဝါဒဟာ သူ့ရဲ့ စရိုက်လက္ခဏာထဲမှာ ပါပါတယ်။ သူ့အခွင့်အရေးကို သူသိပြီး ကျောင်းမှာ သူသင်ယူခဲ့တာတွေကို မျှဝေပေးတယ်” လို့ အီဂူလ်က ဆိုပါတယ်။

၅။ ပုံသေကားကျသတ်မှတ်ချက်တွေကို ဆန့်ကျင်တိုက်ခိုက်ပါ။

ကျား၊ မ ရေးရာဆိုတာ လိင်တွေကြားထဲက ဇီဝဗေဒဆိုင်ရာ ကွဲပြားမှုအကြောင်းမဟုတ်ဘဲ လူမှုရေး တည်ဆောက်မှုတခု ဖြစ်ပါတယ်။ လူတွေဟာ ယောက်ျားလေး၊ မိန်းကလေးဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုကြပြီး ဒီလို လူမှုရေးအခြေအနေတွေက ကလေးတွေကို ငယ်ရွယ်စဉ်မှာ ကျား၊ မ အခန်းကဏ္ဍတွေနဲ့ မျှော်လင့်ချက်တွေကို ကန့်သတ်ချက်တွေနဲ့အညီ လိုက်လျောညီထွေ ဖြစ်စေဖို့ မျှော်လင့်လေ့ရှိပါတယ်။

သုတေသီတွေရဲ့ ပြောကြားချက်အရ ကလေးတွေဟာ အသက် ၃ နှစ်မှာ ပုံသေပုံစံတွေကို စတင်စုပ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျား၊ မ အခန်းကဏ္ဍတွေအကြောင်းကို ကလေးတွေရဲ့ အစောပိုင်းကာလတွေမှာ စကားစမြည်ပြောဆိုဖို့ လိုအပ်ပြီး အိမ်၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်‌၊ ကျောင်းနဲ့ အလုပ်ခွင်တွေမှာ အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့ အင်္ဂါရပ်တွေနဲ့ စရိုက်လက္ခဏာတွေကို စိန်ခေါ်ရမှာဖြစ်ပါတယ်။

မိသားစုဟာ ကလေးတွေရဲ့ ရွေးချယ်မှုတွေကို အတည်ပြုပေးပြီး ကွဲပြားခြားနားတာကလည်း အဆင်ပြေကြောင်းနဲ့ လက်ခံမှုယဉ်ကျေးမှုကို အားပေးခြင်းဖြင့် သူတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုဖို့ မိသားစုဟာ လုံခြုံတဲ့နေရာဖြစ်ကြောင်း ကလေးတွေကို အသိပေးပါ။

၆။ ကိုယ့်ကိုယ်ကိုယ် ရှက်တာကို ရပ်တန့်လိုက်ပါ။

လူသားတွေရဲ့ကမ္ဘာကို မီဒီယာ၊ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အလှတရား စံနှုန်းတွေနဲ့ နှိုင်းယှဉ်စေတဲ့ နည်းလမ်းနဲ့ တည်ဆောက်ထားပါတယ်။

လူသားတွေဟာ တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး မိမိကိုယ်ကိုယ် အမြဲတမ်း တိုင်းတာနေပြီး  ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နဲ့ အကဲဖြတ်ခြင်းကို ခံစားနေရပါတယ်။

ခန္ဓာကိုယ်ကို ဝေဖန်ရှုတ်ချတာဟာ သင်ယူထားတဲ့ အမူအကျင့်တခု ဖြစ်တာကြောင့် မိဘတွေအနေနဲ့ စံနမူနာဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ပိုင်ရုပ်ပုံ အပါအဝင် ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို မဝေဖန်မိစေဖို့နဲ့ လိင်ပိုင်းဆိုင်ရာဆန်တဲ့ လက်တွေ့မကျတဲ့ ခန္ဓာကိုယ်စံနှုန်းတွေနဲ့ အဆိုးမြင်ပုံစံတွေကို ငြင်းပယ်ဖို့ သတိထားပါ။

၇။ လူငယ်‌တွေဆီက နားထောင်ပြီး သင်ယူပါ။

ယနေ့ခေတ် လူငယ် ၁ ဒသမ ၈ ဘီလီယံဟာ သန်မာကြပြီး အကန့်အသတ်မရှိ ဖြစ်နိုင်ခြေတွေနဲ့ ကမ္ဘာကြီးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ကြီးမားတဲ့စွမ်းရည်တွေကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ အဲဒီစွမ်းအားကို အမှန်တကယ် အသုံးချနိုင်ဖို့ လူငယ်တွေရဲ့ စကားကို နားထောင်ဖို့လိုပါတယ်။ ယနေ့ခေတ်မှာ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေဟာ ကျား၊ မ တန်းတူညီမျှမှု ရရှိဖို့ဟာလည်း အခန်းကဏ္ဍတခုက‌နေ ပါဝင်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လူငယ်တွေဟာ သူတို့နဲ့ကမ္ဘာကို ထိခိုက်စေတဲ့ ပြဿနာတွေအကြောင်း ထုတ်ဖော်ပြောဆိုလာကြပါတယ်။ မာလာလာရဲ့ လူငယ်ပညာရေးအတွက် လှုံ့ဆော်မှုကနေ ဂရီတာသမ်းဘာဂ်ရဲ့ ရာသီဥတုဆိုင်ရာ အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ဖို့ တိုက်တွန်းတာတွေအထိ လူငယ်တွေဟာ လူ့အခွင့်အရေး၊ ရာသီဥတုဆိုင်ရာ လုပ်ဆောင်မှု၊ ကျား၊ မ တန်းတူညီမျှမှုနဲ့ တခြားအရာတွေရဲ့ စကားဝိုင်းတွေမှာ ပါဝင်ကူညီနေကြပါတယ်။ လူငယ်တွေကို နားထောင်ဖို့ပဲ လိုပါတယ်။

လီလီ

Ref: UN Women/ Medium.com

Gender equality starts at home: Seven tips for raising feminist kids

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024