ကျိုက်ထိုမြို့နယ်က တပ်မ ၄၄ ဌာနချုပ်နဲ့ ၆၀၂ ဒရုန်းတပ် တပ်ရင်းကို ဇူလိုင် ၇ ရက်မှာ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးပူးပေါင်းအဖွဲ့က သိရပါတယ်။
မနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်မှာ ပထမအကြိမ် ဗုံးသီး ၆ လုံး၊ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်မှာ ဒုတိယအကြိမ် ဗုံးသီး ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ကျဆုံးမှု ရှိနိုင်ပေမဲ့ မသိရသေးဘူးလို့ ကျိုက်ထိုတော်လှန်ရေးပူးပေါင်းအဖွဲ့က ပြောပါတယ်။
အဲဒီနေ့ မနက်ပိုင်းက သထုံနဲ့ ဘီးလင်းမြို့ကြားက ကျုံအိတ်တံတားကို လုံခြုံရေးတွေအပါအဝင် ရွှေသံလွင်ကုမ္ပဏီက လမ်းတံတားအထူးအဖွဲ့(အင်ဂျင်နီယာ)တွေဟာ ဘေလီတံတားထိုးဖို့ ပြင်ဆင် နေချိန် တော်လှန်ရေးပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ချတိုက်ခိုက်ခဲ့တာကြောင့် ၅ ယောက်ဒဏ်ရာရ ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တယောက်က ပြောပါ တယ်။
ဇူလိုင် ၆ ရက်ကလည်း ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်ကြားက စစ်တပ်သံတံတားဂိတ်နဲ့ ကင်းပုန်းချထားတဲ့နေရာကို မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတို့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်က တယောက် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း ဘီးလင်းနဲ့ သထုံမြို့နယ်အကြားက တံတားကို မိုင်းခွဲခဲ့တာကြောင့် တံတားကို လာရောက်စစ်ဆေးတဲ့ သထုံခရိုင်လမ်းဦးစီးမှူးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။
ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မြဝတီ လမ်းကြောမှာရှိတဲ့ ဒီတံတားဟာ စစ်ကောင်စီတပ်တွေဟာ လှည့်လည်တာ၊ ရိက္ခာနဲ့လက်နက်၊ လူအင်အား ဖြည့်တင်းတာတွေအတွက် အဓိက အသုံးပြုနေတဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။
ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက နေ့တိုင်းလိုလို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။